Showing posts with label Services. Show all posts
Showing posts with label Services. Show all posts

Tuesday, March 6, 2012

ထိုင်းနိုင်ငံတွင်း ဖုန်းနှင့် ပတ်သက်သော သိမှတ်ဖွယ်ရာအချို့

အခုတလော အရေးများကြတဲ့ ငါးထောင်တန်ဖုန်းနဲ့ ပတ်သက်ပြီး ဘလော့မှာ စာရေးသူတို့ တာဝန်အရ ကိုယ်သိသမျှရေးကြ အမြင်တွေ ဖွင့်ဟကြနဲ့ စာဖတ်သူတို့ ဗဟုသုတတွေ အများကြီးရကြတာပေါ့။ ဒါကြောင့် ပိုပြီး သိချင်တဲ့သူတွေများရှိခဲ့မယ်ဆိုရင် ထိုင်းနိုင်ငံတွင်း ဖုန်းပြောဆိုမှုတွေနဲ့ ပတ်သက်တဲ့ သိမှတ်ဖွယ်ရာအချို့ကို မျှဝေပါရစေနော်။

ထိုင်းနိုင်ငံကို ရောက်ပြီဆိုတာနဲ့ ဧည့်သည်များ အများဆုံးနဲ့ အရင်ဆုံးပြုလုပ်လေ့ရှိတာ ဖုန်းနဲ့ ငွေလဲလှယ်တာတွေဖြစ်ပါတယ်။ BOU ရဲ့ ဧည့်သည်တွေဆိုရင် မလာခင်တည်းက ဖုန်းကြိုမှာထားမယ်ဆိုရင် လေဆိပ်ရောက်တာနဲ့ ဖုန်းဆက်လို့ ရနိုင်အောင် အဆင်သင့်ပြုလုပ်ပေးထားပါတယ်။ ဆယ်ရက်တာ လည်ပတ်နေထိုင်မယ့် ဧည့်သည်တွေကို ဖုန်း hand set နဲ့ ဖုန်းကဒ် အဆင်သင့်ဖြစ်ရပါစေမယ်။ ဖုန်းငှားရမ်းခ မယူပါဘူး။ ပြောဆိုခတွေသာ ဧည့်သည်က ပေးဆောင်ရမှာဖြစ်ပါတယ်။ ဒါက ကြေညာဝင်တာပါ :)


dtac နဲ့ happy က ကုမ္ပဏီအတူတူဖြစ်ပါတယ်





ဖုန်းကုမ္ပဏီများ
ဧည့်သည်အနေနဲ့ ထိုင်းလေဆိပ်မှာ ဖုန်းကဒ်တွေ ဝယ်ယူနိုင်တဲ့အတွက် DTAC (အပြာရောင်), True Move(အနီရောင်), 1-2 Call (အစိမ်းရောင်) ဖုန်းကဒ်ရောင်းတဲ့ ကောင်တာများမှာ မိမိGSMလက်ကိုင်ဖုန်းကို ပေးပြီး စင်းကဒ်ထည့်ခြင်း၊ ကဒ်တွင် ငွေဖြည့်ခြင်းများကို ကုမ္ပဏီများမှ ပြုလုပ်ပေးပါတယ်။ အဓိက ကုမ္ပဏီသုံးခုမှာ ဘယ်တစ်ခုက ကောင်းလဲလို့ မေးရင်တော့ 1-2 Call (အစိမ်းရောင်) အကောင်းဆုံးနဲ့ ဈေးကြီးတယ်လို့ ဖြေရမှာဖြစ်ပါတယ်။ လိုင်းအားကောင်းမှု အဓိကကြောင့် ထိုင်းလူမျိုးတွေ သုံးစွဲကြပါတယ်။ ထိုင်းတောင်ပိုင်းမှ မြန်မာအများစုတွေလည်း လိုင်းအားကောင်းလို့ သုံးပါတယ်။ သို့သော်လည်း ထိုင်းအတွင်း မြန်မာအများစုကတော့ DTAC (အပြာရောင်)ကို သုံးစွဲကြပါတယ်။ အစဉ်အဆက် သုံးခဲ့ကြလို့လားမေးရင်တော့ မြန်မာတွေက TV ဆိုရင် TOSHIBA သာ တီဗွီထင်ခဲ့ကြသူများမဟုတ်လား ဒီတော့ ပထမဆုံးတစ်ယောက် သုံးရင် နောက်လူတွေ သိပ်မစဉ်းစားတော့ဘူး လိုက်သုံးကြတာပေါ့နော်။ တဖန် ငွေသက်သာလို့လားမေးရင် ငွေ အနည်းငယ်သက်သာပါတယ်၊ ဒါ့အပြင် အများစုက သုံးနေတော့ အသစ် အသစ်သော မြန်မာတွေလည်း လိုက်သုံးကြရတယ် ဘာလို့လဲဆိုတော့ သူ့ကုမ္ပဏီက ဝန်ဆောင်မှုတွေကြောင့် ဖြစ်ပါတယ်။ (ဝန်ဆောင်မှုတွေကို အောက်တွင် အသေးစိတ်ရေးပေးပါမယ်)။ True Move(အနီရောင်)ကတော့ ပြီးခဲ့နှစ်မှ မြန်မာလူမျိုးတွေအတွက် အကြီးအကျယ်ထိုးဖောက်လာပါတယ်။  သီးခြားဝန်ဆောင်မှုတွေ ရှိလာပါတယ်။ ဒါကြောင့် ဒီနှစ်မှာ မြန်မာအချို့ DTAC (အပြာရောင်) နဲ့ True Move(အနီရောင်) ကဒ်နှစ်ခု ခွ သုံးလာကြပါတယ်။ အလုပ်လုပ်တဲ့သူတွေဆိုရင် ကဒ်သုံးမျိုးလုံး ဝယ်ထားကြပါတယ်။ အဆင်ပြေသလို ဝန်ဆောင်မှုတွေအပေါ် မူတည်ပြီး ခေါ်ဆိုကြပါတယ်။

ဝန်ဆောင်မှုများနဲ့ ကုမ္ပဏီများ
ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး ကုမ္ပဏီများလေ ဝန်ဆောင်မှုတွေနဲ့ အပြိုင်အဆိုင် သုံးစွဲသူကို မျက်စိလည်အောင် ဖြားယောင်းကြတယ်ဆိုလည်း မမှားပါဘူး။ လူဆိုတာလည်း ကောင်းတဲ့နောက် လိုက်ချင်တာဆိုတော့ ဝန်ဆောင်မှုဘယ်လိုရှိလဲ ဈေးနှုန်းတန်သလား ကြည့်ကြပါတယ်။ ကုမ္ပဏီများကလည်း ဈေးကွက်ကို သုံးစွဲသူတွေ မျက်စိလည်အောင် ကစားကြပါတယ်။ နည်းပညာပေါ်ထွန်းတဲ့ပေါ်မူတည်ပြီး အပြောင်းအလဲတွေလည်း ယနေ့ခေတ်မှာ အလွန်များလာပါပြီ။ နည်းပညာတိုးတက်မှု၊ ဝန်ဆောင်မှုနဲ့ ဈေးနှုန်းတွေအကြား သုံးစွဲသူတွေလည်း လက်လှမ်းမီရာ လိုက်ပြီး ကိုယ်သိသမျှ သုံးစွဲနေကြရပါတယ်။ တချို့ထိုင်းတွေဆို မြန်မာတွေလောက် ဈေးသက်သာတာ ဘယ်လို promotion ယူရတယ်ဆိုတာတောင် မသိကြဘူး။ promotion တွေ အပြိုင်အဆိုင်ပေးလို့ ဈေးခေါ်ရာနောက်ကို ဖုန်းအသုံးများသူတွေ မဟုတ်ရင် သိပ်မသိကြ၊ သိပ်မလိုက်နိုင်ကြတော့ဘူးလို့ ပြောရမလားပါပဲ။

ဖုန်းကုမ္ပဏီတွေရဲ့ ဝန်ဆောင်မှုတွေ promotion တွေ အားလုံးရေးရရင်တော့ ဖတ်သူရော ရေးသူပါ အတော်မောကြပါလိမ့်မယ်။ ဒီတော့ မြန်မာတွေနဲ့ ဆိုင်တာအချို့သာ ကိုယ်သိသမျှလေး မျှဝေပေးမယ်နော်။ ဖုန်းကုမ္ပဏီတိုင်းမှာ စင်းကဒ်ဝယ်ပြီး ငွေကုန်သွားတိုင်း ငွေဖြည့်သုံးနိုင်သလို နှစ်ရှည်နေမယ့် မြန်မာတွေလည်း လိုင်းဖုန်းပြုလုပ်နိုင်ပါတယ်။ တချို့ကျတော့ ခဏခဏလာလည်ကြတဲ့အတွက် စင်းကဒ်ကို ငွေဖြည့်ထားကြပါတယ်၊ ငွေများများဖြည့်ပြီး ကုန်ဆုံးမယ့်ရက်ကိုလည်း တစ်နှစ်ခန့်ယူထားမယ်ဆိုရင် တနှစ်အတွင်း ထိုင်းကိုလာလည်တိုင်း ဒီဖုန်းနံပါတ်ကို အသုံးပြုနိုင်တာပေါ့။ ဖုန်းနံပါတ်ကလည်း အရေးပါနေတော့ ကိုယ့်ဆီ ဆက်သွယ်နိုင်မယ့်သူတွေအတွက် ဖုန်းနံပါတ်တစ်ခုသာဆိုရင် ပိုအဆင်ပြေတာပေါ့နော်။

စင်းကဒ်များ
စင်းကဒ်တစ်ခုကို အနိမ့်ဆုံး ဘတ်ငွေ 49-50 သာ ပေးရပြီး၊ တစ်မိနစ်ကို သုံးဘတ်နှုန်းနဲ့ စင်းကဒ် စသုံးကာစမှာ ဖြတ်ပါတယ်။ အရင်တုန်းကတော့ စသုံးတဲ့ userတွေကို promotion မပေးကြဘူး။ အခုနောက်ပိုင်းမှာတော့ နိုင်ငံတကာခေါ်ဆိုတဲ့ promotionတွေ ပေးလာကြပါတယ်။ ပြည်တွင်းခေါ်ဆိုမှုကို သုံးလကြာအောင် သုံးပြီးမှာ promotionတွေ ရွေးချယ်ခွင့်ရပါတယ်။ ဒီတော့ စင်းကဒ်တွေမှာ promotion များစွာရှိကြပါတယ်။ မိမိခေါ်ဆိုချင်တဲ့ပေါ်မူတည်ပြီး ဈေးနှုန်းနဲ့ promotion ကို ရွေးနိုင်ပါတယ်။ ကုမ္ပဏီများရဲ့ call center များကို ခေါ်ဆိုပြီး English လို ဖြေကြားတာနားထောင်ပြီး မိမိတို့လိုရာ ရွေးချယ်နိုင်ပါတယ်။ ဧည့်သည်များအနေနဲ့ လေဆိပ်မှာတည်းက ကုမ္ပဏီကောင်တာတွေမှာ ပြောခဲ့ရင်လည်း တခါတည်း သူတို့ ပြုလုပ်ပေးပါတယ်။ နိုင်ငံခြားခေါ်ဆိုမှုတွေ ဈေးသက်သာချင်တယ်၊ ဈေးနှုန်းတွေ ဘယ်လောက်ကျသလဲ စသဖြင့် မေးနိုင်ပါတယ်။

ထိုင်းနိုင်ငံထဲမှာ နေထိုင်တဲ့သူတွေအတွက်ကြတော့ စင်းကဒ်ခြင်း တူမယ်ဆိုရင် မနက်/ည တချိန်လုံးပြော၊ မနက်/ည တစ်ခု ရွေးပြီး ကြိုက်သလောက်ပြောလို့ရတဲ့ promotion တွေလည်းရှိပါတယ်။ တစ်လလုံးမှ ဘတ် ၂၀၀ ပေးပြီး စင်းကဒ်တူတဲ့ network ပြောဆိုကြပါတယ်။ ဒါကြောင့် ထိုင်းအတော်များများကို ကြည့်လိုက်ရင် ကားစီးရင်း လမ်းလျှောက်ရင်း အလုပ်လုပ်ရင်း ဖုန်းနားကြပ်တပ်ပြီး အချိန်များစွာ ပြောနေကြတာ တွေ့ရမှာပါ။ မြန်မာတွေရောပဲ :)။ ဒါမျိုးက ဈေးကွက်ရှာတဲ့ သူတွေအတွက်တော့ အင်မတန်ကောင်းပါတယ်။ တွက်ချေကိုက်တာပေါ့။ အခြားသော promotion များစွာလည်း ရှိပါသေးတယ်။

စာရေးသူယူထားတဲ့  promotion ကို နဲနဲပြောပြပါအုံးမယ်။ DTAC (အပြာရောင်)ကို နာရီ အပိုင်းအခြားမရှိ စင်းကဒ်တူတဲ့ network အချင်းချင်းကို ပြောမယ်ဆိုရင် ဘတ် ၂၅-ပြား၊ အခြား networkတွေကိုတော့ (၁.၂၅)ဘတ်နဲ့ promotionကို ယူထားပါတယ်။ အချိန်အကန့်အသတ်မရှိတော့ ကိုယ်ပြောချင်တဲ့ အချိန် ဖုန်းဆက်နိုင်ပြီး ပြောဖြစ်မှ ကုန်မှာဖြစ်ပါတယ်။ True Move(အနီရောင်)ကိုတော့ မြန်မာနိုင်ငံဆက်သွယ်တဲ့ အခါသုံးပြီး promotionယူထားတော့ မြန်မာနိုင်ငံကို တိုက်ရိုက်ခေါ်ဆိုတဲ့အခါ တစ်မိနစ်ကို (၁၁)ဘတ်ဖြစ်ပြီး 1-2 Call (အစိမ်းရောင်)နဲ့ ခေါ်မယ်ဆိုရင်တော့  တစ်မိနစ်ကို (၁၄)ဘတ်ဖြစ်ပါတယ်။ True Move(အနီရောင်) လိုင်းအား သိပ်မကောင်းပေမယ့် မိနစ်ကြာကြာပြောတဲ့အခါ လိုင်းအားကောင်းတဲ့ 1-2 Call (အစိမ်းရောင်)ထက် သုံးဘတ် သက်သာပါတယ်။ 1-2 Call (အစိမ်းရောင်)ကဒ်ကို အများအားဖြင့် လိုင်းအားကောင်းတာဖြစ်လို့ laptop တွေမှာ modern ထဲ စင်းကဒ်ထည့်လို့ အသုံးပြုပါတယ်။ ခရီးသွားရင်း အင်တာနက်သုံးနိုင်တာပေါ့။ အခုနောက်ပိုင်း iPhone ခေတ်ရောက်လာတော့ မျိုးစုံသုံးနိုင်နေပါပြီ။

နှစ်ရှည်နေထိုင်သူများအနေနဲ့ လိုင်းဖုန်းပြုလုပ်နိုင်ပါတယ်။ ကုမ္ပဏီတွေမှာ မိမိပတ်စ်ပိုစ့်၊ နေထိုင်ခွင့် ဗီဇာပေါ်မူတည်ပြီး ထောက်ခံစာနဲ့ နေရပ်လိပ်စာတွေ ပြည့်စုံစွာပေးပြီး လိုချင်တဲ့ promotion ယူထားနိုင်ပါတယ်။ မိမိလိုချင်တဲ့ နံပါတ်ရွေးနိုင်ပါတယ်။ နံပါတ်လှရင် လှသလိုဈေးများများပေးရပါတယ်။ တစ်လတာခေါ်ဆိုခွင့် အနိမ့်ဆုံး ဈေးနှုန်းတစ်ခု သတ်မှတ်နိုင်ပါတယ်။ အများဆုံးသုံးနိုင်မယ့် ဈေးနှုန်းတစ်ခု သတ်မှတ်ရပါတယ်။ ဖုန်းခေါ်ဆိုခပေးဆောင်ရာမှာလည်း လကုန်လို့ နောက်လ (၁၈)ရက်နေ့ နောက်ဆုံးထားပေးဆောင်စေခြင်းအပြင် ဖုန်းပုံမှန် အကြွေးမကျန်ရင်လည်း promotion တွေ ထပ်ပေးပါသေးတယ်။ နှစ်ရှည်သုံးမယ်ဆိုရင် ကိုယ်သုံးစွဲနေတဲ့ ဘဏ်ကဒ်တွေနဲ့ ဖုန်းနံပါတ် ချိတ်ဆက်ထားတယ်ဆိုရင်လည်း ဈေးဝယ်တဲ့ promotion တွေ ထပ်ရနိုင်ပါသေးတယ်။ ဟိုတယ်တွေမှာတည်းခိုခွင့် 50% ဈေးလျော့ပေးတာမျိုး၊ ကုန်တိုက်တစ်ခုမှာ ဘာဝယ်ဝယ် ဘတ်တစ်ထောင်လျော့ပေးပါမယ်ဆိုတာမျိုးတွေ အပြင် ဖုန်းဟန်းဆက်တွေကိုပါ အကြွေးဝယ်နိုင်ခွင့်တွေပါ ဆက်ပြီး promotion လည်း ပေးရင်း marketing လည်း လုပ်ကြပါတယ်။ သုံးစွဲသူအနေနဲ့ တန်သမျှ ကြေညာသမျှသာ လိုက်ဝယ်ရမယ်ဆိုရင်တော့ မဆုံးနိုင်ဖြစ်တော့မှာပါ။ စင်းကဒ်နဲ့ ပတ်သက်လို့ ရေးတာဖြစ်တဲ့အတွက် ဖုန်းခေါ်ဆိုမှုနည်းလမ်းပေါင်းစုံ (call back ခေါ်ဆိုတဲ့ ဈေးသက်သာတာတွေ)ကိုတော့ မရေးတော့ဘူးနော်။

ဧည့်သည်တွေ မေးနေကြ မေးခွန်းတစ်ခုက “ နိုင်ငံရပ်ခြားတိုင်းပြည်တွေကို ဖုန်းဘယ်လိုခေါ်ရမလဲတဲ့ ”

DTAC (အပြာရောင်)ဆိုရင် 009 ပြီးရင် နိုင်ငံကုဒ်နဲ့ ဖုန်းနံပါတ်နှိပ်ပြီး ခေါ်ဆိုနိုင်ပါတယ်။
ဥပမာ - 009 668 5113 7722

True Move(အနီရောင်)ဆိုရင် 006 ပြီးရင် နိုင်ငံကုဒ်နဲ့ ဖုန်းနံပါတ်နှိပ်ပြီး ခေါ်ဆိုနိုင်ပါတယ်။
ဥပမာ - 006 668 5113 7722

1-2 Call (အစိမ်းရောင်)ဆိုရင် 00500 ပြီးရင် နိုင်ငံကုဒ်နဲ့ ဖုန်းနံပါတ်နှိပ်ပြီး ခေါ်ဆိုနိုင်ပါတယ်။ 
ဥပမာ - 00500 668 5113 7722

ဘယ်လိုစင်းကဒ်မျိုးမဆို ပြည်တွင်းခေါ်ဆိုတဲ့အခါ 08 5113 7722 ဆိုရင် ရပါပြီ။

ပိုက်ဆံဖြည့်မယ်ဆိုရင် 7-11 သို့မဟုတ် FAMILY MART ဆိုင်တွေမှာ ဖုန်းစင်းကဒ် နာမည်ပြောပြီး ငွေဖြည့်ကဒ်လေးတွေ ဝယ်နိုင်ပါတယ်။ ငွေဘယ်လိုဖြည့်မလဲဆိုရင်တော့ ဝယ်လို့ ရလိုက်တဲ့ ကဒ်လေးတွေမှာ ရေးပေးထားပါတယ် အင်္ဂလိပ်လို ထိုင်းလို နှစ်ဘာသာရေးထားလို့ အညွှန်းအတိုင်း လွယ်ကူစွာ နှိပ်နိုင်မယ်ဆိုရင် ငွေဝင်သွားတဲ့ ပမာဏကို message ပို့ပေးပါလိမ့်မယ်။

အချုပ်အားဖြင့်ဆိုရရင် ထိုင်းနိုင်ငံအပြင် အခြားခြားသော နိုင်ငံတွေမှာလည်း သုံးစွဲသူတွေ အဆင်ပြေဖို့အတွက် ဖုန်းကုမ္ပဏီတွေက အလေးထားကြိုးပမ်းကြပါတယ်။ ဒါမှလည်း သုံးစွဲသူများပြီး အမြတ်နဲသော်လည်း အရေအတွက်များရင် စီးပွါးရေးသမားတွေဘက်က တွက်ချေကိုက်သလို သုံးစွဲသူများဘက်ကလည်း ဝန်ဆောင်မှုကောင်းလို့ စိတ်ချမ်းသာမှုရမှာဖြစ်ပါတယ်။ ဖုန်းစင်းကဒ်တစ်ခုရဲ့ နောက်ကွယ်မှာ အကြောင်းရာပေါင်းများစွာ ရှိနေကြတဲ့အတွက် မြန်မာနိုင်ငံက ငါးထောင်တန်ဖုန်းထွက်လာမယ်ဆိုရင်ရော ဒီလို သုံးစွဲသူ စိတ်ချမ်းသာ အဆင်ပြေစေဖို့တွေ ကြိုးစားကြမှာလားလို့ မေးကြည့်ပါရစေနော် ...။

လေးစားစွာဖြင့်
bliss of us

Wednesday, February 29, 2012

ဒုတိယအိမ်တွင် နေထိုင်ခွင့်

မြန်မာတို့ရဲ့ ဒုတိယအိမ်ဖြစ်စေသော ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်နဲ့ ပတ်သက်ပြီး နည်းလမ်းအသွယ်သွယ်ရှိကြရာ မြန်မာတို့နဲ့ အသင့်တော်ဆုံးသော နေထိုင်ခွင့်ပြုလုပ်ပုံကို ဗီဇာနဲ့ ပတ်သက်တဲ့ post update လည်းဖြစ်အောင် ရေးသားလိုက်ပါတယ်။ မြန်မာတို့အနေနဲ့ ဒုတိယအိမ်မှာ အခြေချ မနေထိုင်သေးခင် ခေတ္တခဏ လာရောက်ရင်း ကုန်သွယ်စီးပွါးရေးကိစ္စများအတွက် ချိတ်ဆက်ကြအခါမှာ ရက်ရှည်နေထိုင်ဖို့အတွက် နှစ်ရှည်နေထိုင်ခွင့် လိုအပ်လာပါတယ်။ ကိုယ့်မိခင်နိုင်ငံမှ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတဲ့အခါ မြန်မာတို့ရဲ့ ဒုတိယအိမ်မှာ ခေတ္တနားခိုပြီး  အခု ကျောင်းဗီဇာတစ်နှစ်ယူထားခြင်းက မြန်မာတို့ စိတ်ဝင်စားလာကြပါတယ်။ bliss of us အဖွဲ့ကို ထိုင်းနိုင်ငံတွင်းနေထိုင်ခွင့်နဲ့ ပတ်သက်ပြီး အမြဲဖြေပေးနေရတာကြောင့် မြန်မာတို့အတွက် အသုံးဝင်မယ်လို့လည်း ထင်ပါတယ်။

ထိုင်းနိုင်ငံမှာ ဗီဇာနဲ့ ပတ်သက်ပြီး နေထိုင်ခွင့်တွေအမျိုးမျိုးရှိကြရာမှာ မြန်မာအများစုနှစ်သက်တာကတော့ ကျောင်းဗီဇာ
ဖြစ်ပါတယ်။  ကျောင်းဗီဇာမှာလည်း အမျိုးမျိုးရှိကြပါတယ်။ အခု ပြောပြမယ့် ကျောင်းဗီဇာနေထိုင်ခွင့်ဆိုတာ လူဝင်မှုကြီးကြပ်ရေးရုံးကို သွားပြီး သုံးလတစ်ခါ ဗီဇာတိုးနေဖို့မလိုပါပဲ တစ်နှစ်ဗီဇာရမှာဖြစ်ပါတယ်။ အခြားသော ကျောင်းဗီဇာတွေက မူလကျောင်းအပ်ခအပြင် သုံးလတစ်ခါ ဗီဇာတိုးတိုင်း ဘတ်ငွေ (၁,၉၀၀) သွင်းနေရတော့ ဒီလိုဗီဇာမျိုးကိုလည်း ဈေးနည်းပေမယ့် မရွေးချယ်သင့်ဘူးနော်။ အခုနေထိုင်ခွင့်က ပိုက်ဆံကုန်လည်း သက်သာ၊ တစ်နှစ်ဗီဇာလည်းရတဲ့အပြင် အခြားနိုင်ငံတွေ ကူးတဲ့ခါမှာလည်း စစ်ဆေးမေးမြန်းတာတွေ မရှိတာကြောင့် အခြားနိုင်ငံများကို သွားပြန်ပြုလုပ်နေရတဲ့ မြန်မာများအတွက် အဆင်ပြေစေပါတယ်။ ပထမဆုံး ဗီဇာစလျှောက်တဲ့အခါ အခြားနိုင်ငံတစ်ခုကို သွားပြီး (တိုင်ပတ်ပြီး) ဧည့်ဗီဇာမှ တစ်နှစ်ဗီဇာတုံးပြောင်းထုစရာမလိုတာကြောင့် နောက်တစ်နိုင်ငံထပ်ထွက်ရအုံးမယ်ဆိုတဲ့ အလုပ်ပိုတွေလည်း လျော့သွားစေပါတယ်။ ထို့အတွက် အမျိုးသမီးတွေအတွက် အထူးသင့်လျော်ပါတယ်။ ခုနောက်ပိုင်းမှာ တိုင်ပတ်တယ်လို့ မသင်္ကာဖြစ်ရင် ကိုယ့်စာအုပ်နောက်ပိုင်းမှာ ထိုင်းသံရုံးတွေက အနီတုံးထုပေးလိုက်ပါပြီ။ ဒါကြောင့် အနီတုံးအထုခံလိုက်ရရင် ကိုယ့်စာအုပ်အတွက် မျက်နှာမလှတော့ဘူးပေါ့။ အခြားသံရုံးတွေ သွားပြီး ဗီဇာဝင်မယ်ဆိုရင်လည်း ဒီအနီတုံး ဘာကြောင့် ထုခံရတယ်ဆိုတာ သင်္ကာမကင်းကြပြန်ဘူး။ ခုလိုအဆင်မပြေမှုတွေ မကြုံတွေ့ရအောင် နေထိုင်ခွင့်နဲ့ ပတ်သက်ပြီး မြန်မာတို့အတွက် ရွေးချယ်စရာနည်းလမ်းတွေ ကြိုတင်သိထားမယ်ဆိုရင် အချိန်နဲ့ ငွေကုန်သက်သာစေမယ်မဟုတ်လားနော်။


ဒါဆို မြန်မာများအတွက် ဒုတိယအိမ်မှာ နေထိုင်ခွင့်အတွက် ဘယ်လိုလုပ်ဆောင်နိုင်မလဲဆိုတာလေး လေ့လာကြည့်ရအောင်...

ပထမဆုံးကျောင်းစအပ်တော့မယ်ဆိုရင်
  • မြန်မာ passport စာအုပ်ကိုင်ဆောင်ထားသော မြန်မာတစ်ဦးအနေနဲ့ ထိုင်းနိုင်ငံတွင်းသို့ ရောက်လာပြီးမှသာ ဒုတိယအိမ်တွင် နေထိုင်ခွင့်လျှောက်ထားရမှာ ဖြစ်ပါတယ်။
  • passport စာအုပ်မှာ ထိုင်းဗီဇာတစ်ခုခုရထားသူတိုင်း (working 22-days ) တစ်လကျန်ရပါမယ်။ မကျန်ခဲ့ရင်တော့ တစ်လဘောင်ဝင်အောင် အမြန်ကြေးထပ်ဆောင်းပေးသွင်းရပါမယ်။
  • တစ်နှစ်ဗီဇာအတွက် ကျောင်းလခမှာ ဘတ်ငွေ (၂၂,၀၀၀)
  • ဧည့်ဗီဇာမှ ကျောင်းသားဗီဇာကို ပြောင်းရခြင်းအတွက် ဘတ်ငွေ (၇,၀၀၀
  • နောက်ခံအဖြူရောင်နဲ့ ရိုက်ထားသော ဓာတ်ပုံ (၇)ပုံ
  • ပတ်စ်ပိုစ့် မိတ္တူ နှစ်စုံ(ပတ်စ်ပိုစ့်စာအုပ်တွင် စာပါသော စာမျက်နှာများအားလုံး)
အသေးစိတ် မေးလိုတယ်ဆိုရင် blissofus@gmail.com ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
    အခုလိုကျောင်းအပ်ပြီးသွားပြီး ပထမဆုံး ကျောင်းအပ်သူများအနေနဲ့ ပထမ သုံးလရရှိပြီး သုံးလပြည့်တဲ့အခါ ရုံးက တစ်နှစ်တာနေထိုင်ခွင့်ကို မိမိစာအုပ်မှာ တုံးထုပေးတော့မယ်ဆိုရင် နောက်ဆုံး ဘတ်ငွေ (၁,၉၀၀)ပေးသွင်းပြီး နေထိုင်ခွင့် ရသွားပါပြီ။ နောင်လာမယ့်နှစ်များမှာ တစ်နှစ်တိုးတော့မယ်ဆိုရင်တော့ တုံးပြောင်းလဲခ ဘတ်ငွေ ခုနှစ်ထောင်ထပ်မံသွင်းရန် မလိုတော့ပဲ တိုးမယ့်နှစ်ရဲ့ ကျောင်းအပ်ငွေသာ ပေးသွင်းပြီး တစ်နှစ်ဗီဇာရနိုင်ပါတယ်။ ကျောင်းလခကတော့ ကျောင်းအပ်ချိန်ပေါ်မူတည်သောကြောင့် အပြောင်းအလဲရှိတတ်ပါတယ်။ ကြိုတင်ဆက်သွယ်ပြီး မေးထားမယ်ဆိုရင် ပိုကောင်းပါတယ်။

    အခြားသိထားသင့်တာလေးတွေကတော့...
    ထိုင်းမှာ နေထိုင်ခွင့် တစ်နှစ်ရစဉ်အတွင်း re-entry ယူပြီး အခြားနိုင်ငံကိုလည်း ခွင့်ပြုတဲ့ အချိန်ကာလအတွင်း သွားရောက်နိုင်ပါသေးတယ်။ မြန်မာ passport မဟုတ်ပဲ အခြားနိုင်ငံသားများအတွက်ကတော့ ကျောင်းအပ်ခငွေ ပိုပေးရပါတယ်။ တစ်နှစ်ဗီဇာယူလိုတဲ့ မြန်မာတို့ကို BOU အဖွဲ့မှ ကျောင်းသို့ တိုက်ရိုက်ဆက်သွယ်ပေးခြင်းဖြင့် ဝန်ဆောင်မှုပေးနေပါတယ်။


    နေထိုင်ခွင့် တစ်လတိုးခြင်း
    မြန်မာနိုင်ငံသားများအနေနှင့် ထိုင်းနိုင်ငံတွင်း အလည်ဗီဇာနှင့် လာရောက်ပြီး တစ်ပတ်အတွင်း (ရောက်ရောက်ခြင်း)တစ်လ နေထိုင်ခွင့်တိုးတဲ့အခါ လူဝင်မှုကြီးကြပ်ရေးရုံးမှ ခွင့်မပြုတတ်ပါ။ ထို့ကြောင့် ထိုင်းနိုင်ငံတွင် နေထိုင်သူ ထိုင်း သို့မဟုတ် ထိုင်းစကားပြောနိုင်သော မြန်မာတစ်ဦးမှ လူဝင်မှုကြီးကြပ်ရေးရုံးသို့ လူကိုယ်တိုင်လိုက်ပါပြီး တစ်လတိုးခြင်းအတွက် ခိုင်လုံသော အကြောင်းပြချက်၊ နေထိုင်သော လိပ်စာနဲ့ ဖုန်းနံပါတ်များကို ပြောနိုင်ရပါမယ်။

    အလည်ဗီဇာနဲ့ လာပြီး၂-လကုန်ခါနီးမှ တစ်လထပ်တိုးမယ်ဆိုရင်တော့ အဆင်ပြေနိုင်ပါကြောင်း မြန်မာနိုင်ငံသားတို့အတွက် ဒုတိယအိမ်နဲ့ ပတ်သက်သော နေထိုင်ခွင့်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ အသေးစိတ် သိလိုတယ်ဆိုလျှင် အီးမေးနဲ့ ဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ လွတ်လပ်စွာဆက်သွယ်မေးမြန်းနိုင်ပါတယ်။ မြန်မာနိုင်ငံသားများအနေနဲ့ မိမိတို့လိုအပ်သော ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့်များ ဆောင်ရွက်နိုင်ဖို့ အကြံပေးဆွေးနွေးပေးပါမယ်နော်။

     ထိုင်း-မြန်မာနယ်စပ်ဂိတ်သုံးဂိတ်ရှိတဲ့အနက် မြန်မာအများဆုံး ကူးသန်းလေ့ရှိကြတဲ့ မဲဆောက်-မြဝတီနယ်စပ်မှာခြားနေတဲ့ မဲဆောက်ဘက်ခြမ်း ချောင်းမြင်ကွင်းဖြစ်ပါတယ်။ တချိန်မှာ မြန်မာတို့ရဲ့ ဒုတိယအိမ်ဖြစ်စေမယ့် မြို့တော်တစ်ခု ဖြစ်လာလေမလား။


    လေးစားစွာဖြင့်
    bliss of us

    Thursday, January 19, 2012

    မြန်မာတို့၏ ဒုတိယအိမ်နဲ့ ပတ်သတ်ပြီး ကူးသန်းရောင်းဝယ်လိုသူများအတွက် ...

     ဒီပုံလေး ရိုက်ဖို့ ဆိုင်ခန်းက အနုပညာရှင်ကို ငွေပေးပြီး ရိုက်ခွင့်ရခဲ့ပါတယ်။ 
    စာရေးထားတယ် ဓာတ်ပုံရိုက်ရင် ဘယ်လောက်ကျပါတယ်ပေါ့လေ... :)

    မြန်မာနိုင်ငံက ထွက်လာပြီး အများအားဖြင့် စီးပွါးရေးရင်းနှီးမြုပ်နှံကြတာ အခြေချတာ၊ အခြားသော နိုင်ငံများကို ထပ်ဆင့်ထွက်ခွါခြင်းတွေအပြင် အခြားအခြားသော ကိစ္စများကို မြန်မာတို့က ထိုင်းနိုင်ငံမှာပဲ ပြုလုပ်ကြတာများပါတယ်။

    ဒါကြောင့် ဒုတိယအိမ်နဲ့ ပတ်သက်ပြီး ကူးသန်းရောင်းဝယ်လိုသူများအတွက် 
    ပိုစ့်လေးတစ်ခုကို လမ်းညွှန်လင့်ပေးလိုက်ပါမယ်။ 
    သွားရောက်ဖတ်ရှုကြပြီး ဗဟုသုတတိုးပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်...။

    လေးစားစွာဖြင့်
    bliss of us

    Friday, December 23, 2011

    ထိုင်းမှာ ဘုးရားဖူးမယ်၊ ကမ်းခြေ အပန်းဖြေမယ် ပြီးတော့ ဈေးဝယ်လည်း ထွက်မယ် ...

    စေတီတော်များက ထိုင်းလက်ရာ မဟုတ်ပါဘူး။ အယုဒ္ဓယမြို့မှာ တွေ့ရမှာဖြစ်ပါတယ်
    (နောက်မှ ပိုစ့်သီးခြားရေးပေးပါမယ်)

    ကချနဘူရီမြို့ ဆင်စခန်းမှာ ဆင်စီးပြီး ရေဆော့ကစားတာအပြင် ဆင်လိမ္မာပွဲလေး တစ်ခုပါ ကြည့်နိုင်ပါတယ်။

    အယုဒ္ဓယမြို့က ဘုရားမှာ တွေ့ရတဲ့ မြန်မာနဲ့ ပတ်သက်သော ဓာတ်ပုံမှတ်တမ်းတစ်ခုပါ။

    တောင်ပေါ်ဘုရားအထွက်လမ်း မြင်ကွင်း

    အိမ်သူသက်ထား မျက်နှာရစေဖို့ ခင်ပွန်းသည်များက လက်ဆောင်ပေးကြတယ်။

    (2011)ခုနှစ် ခရစ်မတ်စ်ကာလအတွက် ပြင်ဆင်ထားကြပြီ

    ဖူးခက်ကမ်းခြေ ဆည်းဆာအလှ တကယ်လှတယ်။

    ကချနဘူရီမြို့ ရေတံခွန်နားက ရထားစက်ခေါင်းဟောင်းတစ်ခု

    ဟိုးဘက်မှာမြင်ရတဲ့ တောင်တန်းက မြန်မာတွေပိုင်တယ်

    ကြက်ရုပ်လှူတာတောင် ကြက်မောင်နှံရုပ်လှူကြတယ်။ တစ်ခြံတည်း ဆုံရအောင်ပေါ့။

    "Best Wishes for a year of wealth, good health and happiness"
    "Merry Christmas & Happy New Year"

    best regards, 
    bliss of us

    Tuesday, November 22, 2011

    (၂၂-နိုဝင်ဘာလ-၂၀၁၁) ယနေ့မြဘုရားဝင်းအတွင်းမြင်ကွင်း

    ရွှေနန်းတော် မုဉ်ဝဖြစ်ပါတယ်...

     နိုဝင်ဘာလ (၂၂)ရက်နေ့ မြဘုရားပရဝဏ်အဝင် မြင်ကွင်း

     နိုဝင်ဘာလ (၂၂)ရက်နေ့ မြဘုရားပရဝဏ်အထွက် မြင်ကွင်း

    ဘုရားပရဝဏ်ကို အပြင်ဘက်မှ ကြည်ညိုဖွယ်ဖူးတွေ့နိုင်ပါတယ်

    ယခုအခါတွင် ရေဘေးအန္တရာယ် လျော့ပါးသွားပြီဖြစ်ပြီး မကြာခင်တွင် ကျောင်းများ
    ပြန်လည်ဖွင့်လှစ်ရန် ကြေညာထားပြီး ဖြစ်ပါတယ်။ ခရီးသွားရာသီချိန်ခါလည်းဖြစ်သောကြောင့် ခရီးသွားလုပ်ငန်းများ ပုံမှန်အခြေအနေအတိုင်း လုပ်ငန်းလည်ပတ်နိုင်ကြတော့မည်။ ဘန်ကောက်မြို့တော်သို့ ရေဝင်ရောက်ခဲ့သော်လည်း ခရီးသွားဧည့်သည်အများစု လည်ပတ်သော နေရာများသို့ ယခုချိန်ထိ ရေဝင်ရောက်ခြင်းမရှိခဲ့ပါ။

    ထို့ကြောင့် သုဝဏ္ဏဘူမိလေဆိပ်မှ ကမ်းခြေများသို့ လေယာဉ်ဖြင့် တိုက်ရိုက်သွားရောက် အပန်းဖြေနိုင်ပြီး မြဘုရားနှင့် ဘန်ကောက်မြို့တွင်း ဘုရားများသို့ ဘုရားဖူးနိုင်ခြင်း၊ ဈေးဝယ်ဝါသနာပါသူများလည်း စိတ်အေးချမ်းစွာ ဈေးဝယ်နိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

    ဧည့်သည်တွေ ဖတ်ဖို့ သတင်းလင့်လေးပါ

    Re-entry အပါအဝင် ထိုင်းနိုင်ငံ immigration နှင့် ပတ်သက်သောကိစ္စများ
    ဘန်ကောက်မြို့တော် ရေဘေးအန္တရာယ်ကျရောက်စဉ်အတွင်း နိုင်ငံခြားသားအားလုံးအတွက်Re-entry ပြုလုပ်လိုပါက လည်းကောင်း၊ ရက်(၉၀)အကြောင်းကြားခြင်းဆိုင်ရာကိစ္စများကိုလည်းကောင်း ဘန်ကောက်မြို့Sathon ခရိုင်တွင် ယခင် immigration ရုံးအဟောင်းတွင် ဘန်ကောက်၊ နောင်ထပ်ဘူရီ၊ အယုဒ္ဓယ၊ ပထုံဋ္ဌာနီမြို့များအတွက် ယာယီဆောင်ရွက်ပေးလျှက်ရှိပါသည်။ ထို့အပြင် သုဝဏ္ဏဘူမိလေဆိပ်တွင် immigration ကောင်တာ ညာဘက်အစွန်တွင်လည်း re-entry ပြုလုပ်ပေးလျှက်ရှိပါသည်။ 

    ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့် တစ်နှစ်ဗီဇာများကိုလည်း ယခုအခါတွင် ပြန်လည်ပြုလုပ်ပေးနေပြီဖြစ်ပါကြောင်း သတင်းကောင်းပါးပါရစေနော်။

    ရေကြီးနေစဉ်အတွင်း ဘန်ကောက်မြို့သို့ အလည်လာရန်အတွက် ဖုန်းဖြင့် မေးထားသော ဧည့်သည်များအတွက် ဖြေကြားပေးလိုက်ပါတယ်။

    “ရွှင်လန်းချမ်းမြေ့ကြပါစေ”။

    လေးစားစွာဖြင့်
    bliss of us

    Thursday, October 20, 2011

    ဧည့်သည်များ သိလိုသော ထိုင်းရေကြီးခြင်းနှင့် ခရီးစဉ်များ

     အယုဒ္ဓမြို့ရှိ နာမည်ကျော် ဝမ်မဟာထပ်ကျောင်းဝင်းတွေ ရေမကြီးခင် ရိုက်ထားသည့်ပုံ

    နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများအနေနှင့် ယခုအချိန်တွင် ထိုင်းနိုင်ငံဒေသတွင်း သဘာဝဘေးအန္တရာယ်ဖြစ်သည့် မြစ်ရေကြီးခြင်း ဖြစ်ပေါ်နေပါသဖြင့် ထိုင်းနိုင်ငံတွင်း လည်ပတ်မည့်အစီအစဉ်များ ခေတ္တရွေ့ဆိုင်းထားကြပါရန် စေတနာ ရှေ့ထားပြီး အသိပေးနှိုးဆော်ပါရစေနော်။ 

    ဘေးအန္တရာယ်များ ကင်းဝေးပြီး ရေဘေးနှင့် ပတ်သက်၍ စိတ်ချရသော အခြေအနေသို့ရောက်သည့်အခါတွင်  ပြန်လည် အသိပေးပါမည့်အကြောင်း သတင်းစကားလက်ဆင့်ပါးလိုက်ပါတယ်။

    လေးစားစွာဖြင့်
    bliss of us


    Friday, July 22, 2011

    “လွယ်မယောင်နဲ့ ခက်”

    သုဝဏ္ဏဘူမိလေဆိပ် အပိုင်း(၂)

     ပုံပေါ်ကို ကလစ်နှိပ်၍ ကြည့်ပေးပါနော်

     ဒီပုံလေးကိုလည်း ကူးယူနိုင်ပါတယ်။ 

    ထိုင်းနိုင်ငံ ဘန်ကောက်မြို့လေဆိပ်ကို မြန်မာခရီးသွားများအနေဖြင့် 

    လွယ်ကူစွာ သွားလာနိုင်ရေးအတွက် ဘန်ကောက်လေဆိပ်တွင် ကြိုဆိုပေးနိုင်မည့်သူ အခက်အခဲရှိခြင်း၊

    လေယာဉ်ဆိုက်ရောက်ချိန် ညလယ်ဖြစ်ခြင်း 

    စသော အကြောင်းအမျိုးမျိုးရှိကြသည်ဖြစ်ရာ 

    အစစ အဆင်ပြေစေနိုင်ရေးအတွက် ကြိုတင်လမ်းညွှန်ပေးလိုက်ပါရစေနော်။ 

    အခြားသော အခက်အခဲများရှိပါလျှင် အီးမေးဖြင့် လွယ်ကူစွာစုံစမ်းမေးမြန်းနိုင်ပါတယ်။

    လေးစားစွာဖြင့်
    bliss of us

    Friday, June 17, 2011

    ဂျပန်နိုင်ငံမှာ ထိုင်းဗီဇာလျှောက်လိုပါလျှင်


    ဂျပန်နိုင်ငံမှ ထိုင်းနိုင်ငံသို့ အလည်အပတ်သွားရောက်လိုသူများအတွက် တိုကျိုမြို့ရှိ ထိုင်းနိုင်ငံသံရုံးတွင် ဗီဇာလျှောက်ရန် မဖြစ်မနေလိုအပ်ပါသည်။

    ဗီဇာလျှောက်ရာ၌ လိုအပ်မယ့်စာရွက်စာတမ်းများကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။

    (၁) လျှောက်လွှာပုံစံ (ဤနေရာတွင် ဒေါင်းလုပ်ဒ် လုပ်၍ ရယူပါ။)

    (၂) ဓါတ်ပုံ နှစ်ပုံ (ကာလာ ၊ 3.5 x 4.5 cm အရွယ်အစား)

    (၃) Passport (သို့) ခရီးသွားလာခွင့်လက်မှတ်မှာ အနည်းဆုံး ဗီဇာသက်တမ်း (၆)လ ကျန်ရှိနေရပါမည်။

    (၄) ဗီဇာလျှောက်ထားခမှာ တစ်ဦးလျှင် ယန်း (၄,၅၀၀) ကျသင့်မည်ဖြစ်ပါသည်။


    (၅) ကုမ္ပဏီသို့မဟုတ် လုပ်ငန်းတစ်ခုခုတွင် ၀န်ထမ်းအဖြစ်လုပ်ကိုင်နေသူများသည် မိမိအလုပ်မှ ထောက်ခံစာ ပြရန်လိုအပ်ပါသည်။ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေသူများအနေဖြင့် လုပ်ငန်းလိုင်စင် (သို့) 
    Bank Statement ပြသရန်လိုအပ်ပါသည်။ ကျောင်းသားများအနေဖြင့် မိမိကျောင်းမှ ထောက်ခံစာ (သို့) ကျောင်းသားကဒ် ပြသရန် လိုအပ်ပါသည်။ အငြိမ်းစားပင်စင်စားများအနေဖြင့် Bank Statement (သို့) 
    Pension Fund ပြသရပါမည်။ မှီခိုသူများအနေဖြင့် မိမိ ခင်ပွန်း/ဇနီး၏ Passport မိတ္တူကို ပြသပေးရပါမည်။

    (၆) လျှောက်ထားသူသည် (Bank Statement) ပြရန်လိုအပ်ပါသည်။ တစ်ဦးချင်းစီအတွက် Baht (20,000) နှင့် ညီမျှသော ပျှမ်းမျှ Yen (55,000) နှင့် မိသားစုလိုက်အတွက် Baht (40,000) နှင့် ညီမျှသော ပျှမ်းမျှ Yen (110,000) အနည်းဆုံး ရှိထားရပါမည်။

    (၇) အသွား၊ အပြန် လေယာဉ် လက်မှတ်များ ကို ပြသရန်လိုအပ်ပါသည်။ လက်မှတ်တွင် ပြန်လာမည့်ရက်အတိအကျ ပါရပါမည်။ အပြန်ရက်စွဲမပါသော Open Tickets များကို လက်မခံပါ။

    (ဂ) ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်ရသည့် အကြောင်းရင်းကို ဖော်ပြရပါမည်။
    • အထက်ပါ စာရွက်စာတမ်းများအပြင် သံရုံးမှ အခြေအနေပေါ်မူတည်ပြီး လိုအပ်သည့် စာရွက်စာတမ်းများကို ထပ်မံ တောင်းခံနိုင်ပါသည်။
    • မတင်ပြနိုင်သော စာရွက်စာတမ်းများရှိခဲ့ပါက ၄င်းစာရွက်စာတမ်းများကို ဘာ့ကြောင့် မတင်ပြနိုင်သည်ကို ပူးတွဲဖော်ပြပေးရပါမည်။
    • တင်ပြသည့် စာမျက်နှာတိုင်းတွင် လျှောက်ထားသူ၏ လက်မှတ် ပါရှိရပါမည်။
    (၉) အလည်အပတ်သွားရောက်သူများအတွက် ထိုင်းဗီဇာသက်တမ်းမှာထိုင်းလေဆိပ်တွင် စ၀င်သည့်ရက်မှ ရက် (၆၀) တိတိရရှိမည်ဖြစ်ပါသည်။

    ဗီဇာသွားရောက်တင်မည်ဆိုပါက 
    ရုံးဖွင့်ရက် တနင်္လာနေ့မှ သောကြာနေ့အထိ 
    နံနက် (၉)နာရီမှ (၁၁:၄၅) နာရီ အထိ 
    လက်ခံဆောင်ရွက်ပေးပါသည်။

    တိုကျိုမြို့ ရှိ ထိုင်းသံရုံးလိပ်စာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

     Address
    FORECAST KUDAN-MINAMI, 2-1, 2-Chome,
    Kudan-Minami, Chiyoda-Ku, Tokyo.

    Tel & Fax
    Chancery: Tel. 3222-4101 Fax. 3222-4114-5 /
    Consular Section: Tel. 3222-4121 Fax. 3222-4122)

    E-mail
    infosect@thaiembassy.jp

    လမ်းညွှန်
    1. 5 minutes on foot from Kudanshita Station (Exit 2), Subway Hanzoumon Line 
    2. From Meguro station by Subway Namboku Line and change to Subway Hanzoumon Line at Nagatacho station to Kudanshita station

    မှတ်ချက်။    ။ အထက်ဖော်ပြပါ အချက်များအားလုံးသည် ဂျပန်နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး၏ အင်တာနက်စာမျက်နှာမှ  မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်ဆိုဖော်ပြပေးထားခြင်းသာ ဖြစ်ပါသည်။
    လေးစားစွာဖြင့် 
    bliss of us

    Thursday, June 9, 2011

    “သုဝဏ္ဏဘူမိမှ စောင့်ကြိုနေမယ်”

    Arrival at Suvarnabhumi Airport

    ဧည့်သည် စီးလာမယ့် လေယာဉ်ကို ဒီနေရာလေးမှာ သေချာအောင် ကြည့်ရပါတယ်။ လေယာဉ်ချိန်၊ လေကြောင်းလိုင်း စစ်ရပါတယ်။ ဧည့်သည်နဲ့ ပြောစဉ်က လေယာဉ်လိုင်းဖြစ်ဖြစ် လေယာဉ်ချိန်ဖြစ်ဖြစ် အနည်းငယ်လွဲနေရင် ဒီနေရာမှာ အနီးစပ်ဆုံး ဖြစ်နိုင်တာကို ရှာယူရပါတယ်၊ ဥပမာ- CI 185 နံပါတ်ကို C1185 ဖြစ်နေတတ်ပါတယ်၊ ဒါကြောင့် လေဆိပ်ရဲ့ ဒီနေရာမှာ စစ်လိုက်တာ အကောင်းဆုံးပါပဲ၊ တချို့လေယာဉ်ချိန် အပြောင်းအလဲများကိုလည်း ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ ရာသီဥတုကြောင့် လေချိန်နောက်ကျတာ၊ CANCEL ဖြစ်တာ၊ လေယာဉ်စောပြီး ဆင်းတတ်တာတွေ သိနိုင်ပါတယ်။ ကြိုတင် ပြသပေးထားပါတယ်။



    တံခါးဝ အမှတ်-ဘီ မှ ဧည့်ကြိုများ စောင့်ရာ နေရာဖြစ်ပါတယ်။ ဧည့်သည်များက ဒီနေရာမှာ ညာဘက်ကို ထွက်လာပြီး မိမိကို ကြိုဆိုမယ့် ဧည့်ကြိုကို ရှာရမှာဖြစ်ပါတယ်။ လူမတွေ့ဖူးရင် စာတန်းနဲ့ စောင့်ကြပါတယ်။

    ဂိတ်နံပါတ်-(၅)နေရာမှ ဧည့်ကြိုများက တားမြစ်နေရာများမှ စတင်ကြိုနိုင်ပါတယ်။ ဧည့်သည်ကို လှမ်းတွေ့နိုင်ပါတယ်။ ဂိတ်နံပါတ်-(၅)အပြင်ကို ထွက်သွားရင်တော့ ကြိုတဲ့သူနဲ့ လွဲပြီပေါ့၊ ကြိုတဲ့သူက အထဲမှာ ကျန်ခဲ့ပြီး၊ ဧည့်သည်က အပြင်ထွက်သွားတဲ့အခါ တက္ကစီကားတွေပဲ တွေ့ရမှာဖြစ်ပါတယ်။ 

    ဧည့်ကြိုတဲ့သူနဲ့ ဧည့်သည်နဲ့ ဒီနေရာလေးမှာ တွေ့ဆုံနိုင်ပါတယ်။ ဟိုရှေ့နားက ဂိတ်နံပါတ် -(၅)မှာ တွေ့ခဲ့ပြီးဖြစ်တဲ့ဧည့်သည်ကို ဒီနေရာမှ ကြိုဆိုနိုင်ပါပြီ၊ ပြီးတော့ ကားဖြင့် တဆင့် မိမိတို့ လိုရာခရီးကို သွားနိုင်ပြီပေါ့။
    Meeting Point
    ဧည့်ကြိုတဲ့သူနဲ့ ဧည့်သည်နဲ့ တွေ့ဆုံတဲ့ ဒီနေရာလေးကို Meeting Point ဆိုင်းဘုတ်နဲ့ ညွှန်ပြထားပါတယ်။ 

     

    ထိုင်းနိုင်ငံကို တခါမှ မရောက်ဖူးခဲ့ရင် လေဆိပ်မှာ တစ်ခုသတိထားရမှာက မိမိတို့ချိန်းဆိုထားတဲ့ ဧည့်ကြိုနဲ့ မတွေ့တဲ့အခါ ထိုင်းနိုင်ငံမှ ဧည့်ကြိုကုမ္ပဏီများထံရောက်သွားရင် ကားခဈေးကြီးကြီးမိတတ်ပါတယ်၊ တက္ကစီကားတွေကလည်း မီတာနဲ့မသွားပဲ ဧည့်သည်ကို ယာဉ်ကြောကြပ်လို့ ဈေးပိုတောင်းတာတွေကို တွေ့ကြုံရတတ်ပါတယ်။ ဒါကြောင့် မိမိတို့ မိတ်ဆွေဖြစ်ဖြစ် မြန်မာဝန်ဆောင်မှုအဖွဲ့တွေကိုပဲ ဖြစ်ဖြစ် ရအောင်ရှာစေချင်ပါတယ်။ ဧည့်သည်အနေနဲ့ GSM Hand Set ပါလာရင် ဖုန်းကဒ်ရောင်းတဲ့ ကောင်တာတွေရှိပါတယ်၊ အင်္ဂလိပ်လို ပြောဆိုဝယ်ယူနိုင်ပါတယ်။ DTAC  သို့မဟုတ် TRUE Sim card ကို ဝယ်ယူပြီး ဖုန်းဆက်ခေါ်ဆို ရှာဖွေနိုင်ပါတယ်။ 

    နိုင်ငံတကာမှ လာရောက်မည့် မြန်မာမိတ်ဆွေများ 
    လမ်းခရီးသာယာဖြောင့်ဖြူးပါစေကြောင်း
    ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

    လေးစားစွာဖြင့်
    bliss of us

    Wednesday, March 16, 2011

    ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတို့အား စွမ်းနိုင်သမျှ BOU အဖွဲ့မှ ကူညီပေးပါမည်


    ဂျပန်နိုင်ငံတွင် မကြာသေးမီရက်ပိုင်းတွင်း ဖြစ်ပွါးခဲ့သော ငလျင်ဘေးဒဏ်ကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများအတွက် ဂျပန်ပြည်သူများအပြင် ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများပါ ရတက်မအေး နိုင်ကြခြင်းကို စာနာ နားလည်မိပါသဖြင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံနှင့်ပတ်သက်ပြီး ရက်ရှည်လာရောက်နေထိုင်လိုပါက လိုအပ်သော အကူအညီများ၊ သိလိုသော အချက်အလက်များရှိပါလျှင် စွမ်းနိုင်သမျှ ကူညီပါမည်အကြောင်း သတင်းစကားလက်ဆင့်ပါးပါရစေရှင်။ ဝန်ဆောင်မှု အခမဲ့ဖြင့် မိတ်ဆွေတို့အား ကူညီပေးဖို့ ထိုင်းနိုင်ငံမှ စောင့်နေပါတယ်။

    blissofus@gmail.com သို့ ဆက်သွယ် အီးမေးပေးပို့ပြီး မေးမြန်းနိုင်ပါတယ်။

    ထိုင်းနိုင်ငံနှင့် ပတ်သက်သမျှ information များကို လက်ဆင့်ကမ်းမျှဝေခြင်း၊ အကြံပေးဆွေးနွေးပေးပါမည်။

    ဖုန်းဆက်သွယ်ရခက်ခဲပါလျှင် ဂျီမေး ချက်တင်မှ ဆက်သွယ်နိုင်ပါသည်။

    ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတို့အား စွမ်းနိုင်သမျှ BOU အဖွဲ့မှ ကူညီပေးပါမည်။

    အစစ အဆင်ပြေစေဖို့လည်း ဆုတောင်းမေတ္တာပို့သပါတယ်။


    လေးစားစွာဖြင့်
    bliss of us

    Sunday, February 13, 2011

    အမေးအဖြေ ။ ။ ထိုင်းနိုင်ငံ၏ ဘဏ်များနှင့် ပတ်သက်၍

    ဆိုဒ်ကို အလည်လာတဲ့ ထိုင်းနိုင်ငံတွင်းမှ ညီမငယ်တစ်ဦးမေးမြန်းချက်ကို သိသမျှ ဖြေကြားပေးလိုက်ပါတယ်။

    အမေး ။    ။ ထိုင်းနိုင်ငံမှာ ဘဏ်အကောင့် ဖွင့်ချင်ရင် ဘယ်လိုလုပ်ရတယ်ဆိုတာလေး သိချင်ပါတယ်ရှင်။ နောက်ပြီး ရွှေ့ ပြောင်းအလုပ်သမား passport ကိုင်ထားရင် ဘဏ့်အကောင့်ဖွင့်ရတာ မလွယ်ကူဘူးဆိုတာ ဟုတ်ပါသလားရှင်။
    အမှန်တော့ ကျွန်မက online banking ရော online ကနေ ပစ္စည်းဝယ်ရင် အဆင်ပြေတဲ့  paypal အကောင့် နှင့် ချိတ်ဆက်ပြီးအသုံးပြုချင်တာပါ။ အကယ်၍ အစ်မ သိခဲ့ရင် တစ်စိတ်လောက် ရှင်းပြပေးပါလားရှင်။ နောက်ပြီး ဘာသာစကားလဲ မကျွမ်းကျင်တော့ ဘဏ်မှာ ဘယ်လို စုံစမ်းပြီးလုပ်ရမလဲ ဆိုတာလေးပါ ပြောပြပေးပါနော်။

    အဖြေ ။    ။ ထိုင်းနိုင်ငံတွင်ရှိသော ဘဏ်များအကြောင်းနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံသားမဟုတ်သည့် မြန်မာများနိုင်ငံသားများအတွက် ရည်စူးပြီး သိသမျှဖြေကြားလိုက်ပါတယ်။ 

    ထိုင်းနိုင်ငံဘဏ်များနှင့်  မြန်မာနိုင်ငံသားများ

    ထိုင်းနိုင်ငံရဲ့ ဘဏ်များသည် မြန်မာနိုင်ငံသားများ၏ နေထိုင်ခွင့် ဗီဇာများပေါ် အများဆုံးမူတည်ပြီး ဘဏ်များနှင့် ပတ်သက်သော လုပ်ပိုင်ခွင့် အခွင့်အရေးများကို အထူးထိန်းချုပ်ထားကြပါတယ်။ တရားဝင်နေထိုင်ခွင့်အနေဖြင့် ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားများသည် ပတ်စ်ပိုစ့် အကြီး အသေး(ရွှေ့ ပြောင်းအလုပ်သမား passport )နှစ်မျိုးဖြင့် နေထိုင်လျှက်ရှိကြရာတွင် ပတ်စ်ပိုစ့်အကြီးဖြင့်နေထိုင်ကြသော မြန်မာများအတွက် ဘဏ်များနှင့်ပတ်သက်သော လုပ်ပိုင်ဆောင်ရွက်ခွင့် အခွင့်အလမ်းပိုများပါတယ်။ အထူးသဖြင့် ပတ်စ်ပိုစ့်အသစ် ပြောင်းလဲထားပြီးသူများအတွက် ပိုမိုအခွင့်အလမ်းသာပါတယ်။ ပတ်စ်ပိုစ့်အဟောင်းများနှင့် ပတ်စ်ပိုစ့်အသေးများသည် ထိုင်းနိုင်ငံအတွင်းမှာပင် အတုများ လုပ်ကိုင်လျှက်ရှိနေကြသောအကြောင်းကို အချို့သော သတင်းစာမျက်နှာများတွင် ဖေါ်ပြကြပြီးဖြစ်ပါတယ်။ ထို့ကြောင့် ထိုင်းနိုင်ငံမှ ဘဏ်အရာရှိများနှင့် ဘဏ်ဥပဒေများတွင် မြန်မာနိုင်ငံသားများအတွက် သီးခြားထိန်းချုပ်မှုတွေ ထားရှိကြခြင်းဖြစ်ပါတယ်။ ထို့အပြင် ငွေစာရင်း အသွင်းအထုတ် မှားယွင်းကာ မြန်မာနိုင်ငံသားများ၏ အကောင့်များထဲသို့ ရောက်သွားလျှင် ပြန်မရတတ်သော အကြောင်းတစ်ခုလည်း အပါအဝင်ဖြစ်ပေရာ ထိုင်းနိုင်ငံ၏ ဘဏ်များက  မြန်မာနိုင်ငံသား၏ ပတ်စ်ပိုစ့်အဟောင်းနှင့် ပတ်စ်ပိုစ့်အငယ်များ နေထိုင်မှုအပေါ်တွင် ယုံကြည်မှုမရှိကြခြင်းပင်ဖြစ်ပါတယ်။  

     

    ဘဏ်အကောင့် ဘယ်လိုဖွင့်ရမလဲ။
    မည်သို့သော ရက်ရှည်နေထိုင်ခွင့်ရထားသည့် ပတ်စ်ပိုစ့်ကိုမဆို ATM ကဒ်နှင့် ဘဏ်စာရင်းအကောင့်ကို နေထိုင်ခွင့်စာရွက်စာတမ်းများနှင့် ပြည့်စုံစွာလျှောက်ထားလျှင် လွယ်ကူစွာ မည်သို့သောဘဏ်မျိုးမဆို ဘဏ်စာရင်းဖွင့်နိုင်ပါတယ်။ ထိုင်းနိုင်ငံနှင့် အခြားနိုင်ငံတစ်ခုခု ဖက်စပ်ဖွဲ့စည်းထားသော ဘဏ်များမပါဝင်ပါ။ 
    • မြန်မာနိုင်ငံသား ဧည့်သည်များအတွက် ။     ။ Silom ရှိ မြန်မာနိုင်ငံ သံရုံးမှ ဘဏ်အကောင့်ဖွင့်ရန် ထောက်ခံစာနှင့် ပတ်စ်ပိုစ့်ကော်ပီဖြင့် ဖွင့် နိုင်ပါတယ်။
    ကဒ်လေးနဲ့ ငွေသွင်းနိုင် ငွေထုတ်နိုင်ပါတယ်။ ငွေသယ်ရသက်သာပါမယ်။ ကဒ်ဖြင့် ဈေးဝယ်တာကတော့ ဘဏ်စာရင်းဖွင့်ချိန်မှာ ကဒ်နဲ့ ဈေးဝယ်ချင်ပါတယ်လို့ ဘဏ်ရဲ့ အုပ်ချုပ်ရေးမှုးကို ခွင့်တောင်းလို့ သဘောကောင်းရင် ရပါမယ်။ မကောင်းရင်တော့ ဘယ်လိုပြောပြော နင်တို့ မြန်မာတွေမို့ မရဘူးလို့သာ ပြောပါလိမ့်မယ်။ ဘဏ်စာရင်းသွားဖွင့်တဲ့အခါ နိုင်ငံခြားသားများ အသွားအလာများတဲ့ နေရာတွေမှာ ဖွင့်မယ်ဆိုရင်တော့ ဘဏ်ဝန်ထမ်းများက အင်္ဂလိပ်လို သွက်သွက်လက်လက်ပြောနိုင်ပေမယ့် ခရိုင်တွင်း ဘဏ်များတွင် ဖွင့်မယ်ဆိုရင်တော့ ရာထူးကြီးတဲ့သူတွေတောင် အင်္ဂလိပ်ဘာသာစကားကို မပြောနိုင်တာမို့ ဒါလေးတစ်ခုတော့ သတိထားစေချင်ပါတယ်။ ထိုင်းနိုင်ငံမှာ မိမိ၏မြန်မာအသိက ရာထူးအတန်ငယ်ဖြင့် အလုပ် လုပ်ကိုင်နေလျှင်လည်းကောင်း၊ ထိုင်းနိုင်ငံသားဖြင့် အိမ်ထောင်ကျနေလျှင်လည်းကောင်း၊ ထိုင်းနိုင်ငံသား ပညာတတ်တစ်ဦးဦးနှင့် ခင်မင်ရင်းနှီးခဲ့လျှင်လည်းကောင်း၊ ဘဏ်စာရင်းဖွင့်ဖူးသော အတွေ့အကြုံရှိသည့် ဘာသာပြန်ဖြင့်လည်းကောင်း ဘဏ်များသို့ သွားရောက်၍ ငွေစာရင်းဖွင့်ခြင်း၊ ဘဏ်နှင့်ပတ်သက်သော မြန်မာနိုင်ငံသားများ လုပ်ပိုင်ဆောင်ရွက်ခွင့်များကို အသေးစိတ်ဆွေးနွေး မေးမြန်းဆောင်ရွက်နိုင်ပါတယ်။
    ကာစီကွန်လို့ အမည်ရတဲ့ ဒီဘဏ်က မြန်မာနိုင်ငံသားများအတွက် 
    ဝန်ဆောင်မှုပေးတဲ့နေရာမှာ အနူးညံ့ဆုံးပါ။
    ညီမငယ် မေးမြန်းထားတဲ့ အွန်လိုင်းတွင် ဈေးရောင်းဈေးဝယ်ကိစ္စများသည် ထိုင်းနိုင်ငံတွင် နေထိုင်သော မြန်မာနိုင်ငံသား ပတ်စ်ပိုစ့် အကြီးကိုင်ဆောင်ထားသူဖြစ်တဲ့အပြင် work permit ဖြင့် နေထိုင်သူဖြစ်လျှင် ဘဏ်များက ခွင့်ပြုနိုင်လိမ့်မည်ဟု ပြန်ကြားဖြေဆိုလိုက်ပါတယ်နော်။ ယခုအချိန်က အစ်မတို့ အလုပ်ရာသီအတွက် အလုပ်များချိန်ဖြစ်တဲ့အပြင် နိုင်ငံရပ်ခြားခရီးများနဲ့လည်း အလုပ်ရှုပ်သွားတာမို့ ညီမငယ်မေးမြန်းချက်ကို အချိန်အတော်ကြာနောက်ကျပြီးမှ ဖြေဆိုရသည့်အတွက် အထူးတောင်းပန်ပါရစေရှင်။

    လေးစားစွာဖြင့်
    crystal

    Thursday, December 2, 2010

    “ဧည့်သည်များအတွက် ဒီလိုစီစဉ်ပေးပါမယ်”

    ကချနဘူရီမြို့မှ Soi Yok Noi ရေတံခွန် အနီး ရှေးခေတ် မီးရထားစက်ခေါင်းတစ်ခု

    ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ကြမည့် ဧည့်သည်များအတွက် Bliss of Us မှ စီစဉ်ပေးမှုများသည် အခြားသော Travel & Tour များနဲ့ မတူညီပါ၊ Pattaya, Phukhet, Ayudhaya စသော လည်ပတ်ရန်နေရာများအတွက် တစ်ခုချင်းအတွက် ဈေးနှုန်းသတ်မှတ်ထားခြင်းများ မပြုလုပ်ထားပါ။
    အဓိပ္ပါယ်ကတော့ ခရီးစဉ်အတွက် ဈေးနှုန်းတွေ သတ်မှတ်ရောင်းချတာမျိုးမဟုတ်ပဲ၊ ဧည့်သည်များ သွားလိုသော နေ့ရက်နဲ့နေရာ၊ လူဦးရေ စသော အချက်အလက်များပေါ်အခြေခံပြီး စီစဉ်ပေးထားခြင်းဖြစ်ပါတယ်။
    ယခုလို စီစဉ်ပေးခြင်းအားဖြင့် Tour Season အရ ဈေးသက်သာခြင်းနဲ့ စရိတ်မြင့်တက်မှုများကို ရှောင်ရှားလို့ရနိုင်ပါတယ်၊ ဧည့်သည်ဘက်မှ လိုအပ်နှစ်သက်သော အစီအစဉ်များကို ကြိုတင်ဆက်သွယ်ထားပြီး ဈေးနှုန်းညှိခြင်း၊ နေရာနဲ့ နေ့ရက်ညှိခြင်းများ ပြုလုပ်နိုင်ပါတယ်။ ဧည့်သည်များ သွားလိုရာသို့ စိတ်ချမ်းသာ အဆင်ပြေစွာသွားနိုင်မှာ ဖြစ်ပါတယ်။
    Bliss of Us အဖွဲ့သည် နိုင်ငံတကာရောက် မိတ်ဆွေများကို အသိမိတ်ဆွေများမှ စီစဉ်ဆောင်ရွက်ပေးသော ပုံစံဖြင့် အကောင်းဆုံး ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်။

    လေးစားစွာဖြင့်
    bliss of us

    Friday, August 13, 2010

    ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်နှုန်းထားများ ပြောင်းလဲသတ်မှတ်။

    ထိုင်း-မြန်မာ နယ်စပ်နေရာမှ နှစ်နိုင်ငံအလံများ လွှင့်ထူထားပုံ

    This is a key project of Mae Klong River Basin Development Scheme. The construction started in 1979 and finished in 1984. It is located on the Kwai Noi River at Thong Pha Phum District, about 280 kms from Bangkok.
    တစ်နှစ်ဗီဇာအတွက် ကျောင်းလခမှာ
    ဘတ်ငွေ
    (27,000) မှ (23,000)သို့ ပြောင်းလဲထားပြီ ဖြစ်ကြောင်း
    သတင်းရရှိပါတယ်။



    လူကြိုက်များတဲ့ ထိုင်းဗီဇာ
    ခုတလော အမေးများနေတဲ့ ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် ဗီဇာနဲ့ ပတ်သက်ပြီး လမ်းညွှန် ပေးလိုက်ပါတယ်။ အခုတော့ နည်းပညာတွေ တိုးတက်သလို ခေတ်တွေလည်း ပြောင်းလာတော့ ကျောင်းဗီဇာကို အရင်ကလို သုံးလတစ်ကြိမ်တိုးစရာ မလိုတော့ပါဘူး။
    တစ်နှစ်တာနေထိုင်ခွင့် ပေးနေပါတယ်။ ကျောင်းအပ်ချိန်နဲ့ ကျောင်းတက်ချိန်ပေါ်မူတည်လို့ တစ်နှစ်အပြည့် မရတတ်ပါဘူး။ ရက်ပိုင်းတော့ အနည်းငယ်လို နေတတ်ပါတယ်။ တစ်နှစ်အပြည့်မရတာကတော့ ကျောင်းအပ်ပြီး ကျောင်းစတက်ရတဲ့အချိန်များပေါ်မူတည်ပါတယ်။ ဆောင်ရွက်ရမယ့် အစီအစဉ်တွေကတော့ ကျောင်းကို အနဲဆုံး ပတ်စပို့မှာ ဗီဇာလက်ကျန် တစ်လရှိရပါမယ်။ ဆောင်ရွက်ရမယ့် အစီအစဉ်အသေးစိတ်ကို ဖေါ်ပြပေးလိုက်ပါတယ်။
    ကျောင်းစအပ်လျှင် ဆောင်ရွက်ရန်
    • မိမိ စာအုပ်မှာ ထိုင်းဗီဇာ (working 22-days ) တစ်လရှိရမည်။
    • တစ်နှစ်ဗီဇာအတွက် ကျောင်းလခမှာ ဘတ်ငွေ (22,000) ဖြစ်ပါတယ်။
    • ကျောင်းလခ ပထမအရစ်အနေဖြင့် ဘတ်ငွေ (15,000)သွင်းရပါမည်။
    • ကျောင်းဗီဇာ တစ်နှစ်ရရှိလာချိန်တွင် လက်ကျန်ငွေကို ပေးချေရမည် ဖြစ်ပါသည်။
    • ကျောင်းလခသည် ကျောင်းအပ်ချိန်ပေါ်မူတည်သောကြောင့် အပြောင်းအလဲရှိတတ်ပါသည်။ ထို့ကြောင့် ကြိုတင်ဆက်သွယ်၍ မေးမြန်းလျှင် ပို၍ သင့်တော်ပါသည်။
    • ဓာတ်ပုံ (၇)ပုံ
    • ပတ်စ်ပိုစ့်(ပတ်စ်ပိုစ့် စာမျက်နှာများအားလုံး) မိတ္တူ တစ်စုံ
    • blissofus@gmail.com ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်)
    ထိုင်းနိုင်ငံတွင်းသို့ ရောက်ရှိလာပြီးမှသာ ယခုလို ဗီဇာပြောင်းလဲခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်ပါတယ်။ အခုအချိန်မှာ ဗီဇာတစ်နှစ်ရရှိရန် လာအိုနိုင်ငံသို့ သွားရောက်ပြီး ဗီဇာယူခြင်း ပြုလုပ်ရန် မလိုအပ်ပဲ ဗီဇာအမျိုးအစား Tourist မှ Non-ED ကို ထိုင်းနိုင်ငံတွင်ပင် ပြောင်းလဲပေးလျက်ရှိပါသည်။ ဗီဇာအမျိုးအစား ပြောင်းလဲခ အဖြစ် immigration သို့ ဘတ်ငွေ (7,000)ပေးဆောင်၍ ထိုင်းနိုင်ငံတွင်ပင် ဗီဇာအမျိုးအစား ပြောင်းလဲ ပေးလျက်ရှိပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

    ထို့အပြင် မည်သည့် ဗီဇာစာအုပ် အမျိုးအစားမဆို ရက်(၉၀)အကြောင်းကြားခြင်းများကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ယခုကဲ့သို့ အေဘက် တက္ကသိုလ်အနီးတွင် ပြုလုပ်ပေးခြင်းဖြင့် immigration ရုံးသို့ သွားရန်မလိုပဲ အဆင်ပြေစွာ ဆောင်ရွက်နိုင်ပြီဖြစ်ပါသည်။ ဝန်ဆောင်ခမှာ ဘတ်(200) ဖြစ်ကြောင်း အသိပေးပါရစေရှင်။

    “သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


    “မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
    သွားလည်ရအောင်နော်”




    “Bliss of Us သို့ လာလည်ကြသော
    နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


    လေးစားစွာဖြင့်
    bliss of us

    Angkor Wat BBC Documentary Description Video Siem Reip

    Too Much So Much Very Much

    Tokunaga Hideaki

    ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

    St Luke's Garden Tower