Sunday, April 3, 2011

တဖရွန် သို့မဟုတ် “ရာဇဝိဟာရ”ကျောင်းတော်

စိတ်ဝင်စားဖွယ်ကောင်းပြီး လှပတဲ့ကျောင်းတော်၏နေရာတစ်ခု
Ta Prohm ဘုရားကျောင်းတော်ကို ခမာအသံထွက်အရ “တဖရွန်”ဟုခေါ်ဆိုပြီး မူရင်းနာမည်က “ရာဇဝိဟာရ” အမည်ရပါတယ်။ ယင်းကျောင်းတော်ကို ခရီးသွားလုပ်ငန်းတိုင်းက အန်ကောဝပ် ခရီးစဉ်ရေးဆွဲရာမှာ မပါမဖြစ်အရေးပါသော လည်ပတ်မည့်နေရာအဖြစ် ထည့်သွင်းရေးဆွဲကြပါတယ်။ သမိုင်းကြောင်းအရ ဘုရင်က သူ့မိခင်ကို အလေးထားပုံ၊ နိုင်ငံ၏ အကြီးအကဲ ဘုရင်နှင့် ဘုရင့်မယ်တော်တို့ ဘာသာရေးအပေါ် အထူးအလးထားပုံများအပြင် ယနေ့ခေတ်အချိန်ခါမှာတော့ အလွန်ကြီးမားတဲ့ သစ်ပင်ကြီးများက ဘုရားကျောင်းတော်များအပေါ်မှာ ပေါက်ရောက်နေမှုကြောင့် ပါးစပ်စကားအရ သစ်ပင်ကြီးတွေနဲ့ ဘုရားကျောင်းတော်အဖြစ် အလွန်ထင်ရှားတဲ့အတွက် ဧည့်သည်များအနေနဲ့ မဖြစ်မနေ လေ့လာသင့်သော နေရာတစ်ခုဖြစ်ပါတယ်။ မင်းသမီး အန်ဂျိုလီနာ ရုပ်ရှင်ဇာတ်ကား ထွက်ရှိပြီးတဲ့ နောက်မှာတော့ မင်းသမီးနဲ့ ကျောင်းတော်ကို တွဲဖက်ပြောဆိုလာကြပြန်ပါတယ်။ ဒါကြောင့်လည်း ခမာလူမျိုးတွေအတွက် အလွန်ဂုဏ်ယူစရာတွေ ထပ်ဆင့်ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုရမလား...။

ဘုရားကျောင်းတော်များရှိရာကို ဒီလို မြေလမ်းလေးအတိုင်း သွားရတာမျိုးဖြစ်ပြီး၊ လမ်းဘေး ဝဲယာတလျှောက်မှာ သစ်ပင်ကြီးမှာ အစီအရီ အလေ့ကျပေါက်နေပုံက စိတ်ကို အေးချမ်းလန်းဆန်းစေပြီး ခရီးသွားဧည့်သည်တွေ တစ်မျိုး ဆွဲဆောင်နေပါတယ်။ တချို့ကတော့ ဝါသနာပါလို့ ဖိနပ်လေးချွတ်ပြီး လမ်းလျှောက်ကြည့်ကြပါတယ် ...။ သင်... ခံစားမှုတစ်မျိုးကို ရရှိမှာဖြစ်ပါတယ်။

မိုးရာသီမှာ ရေဝင်ကာ စမ်းချောင်းလေးများ ဖြစ်နေမလားလို့ ရှာရှာဖွေဖွေ စိတ်ကူးမိသေးတယ်၊ တံတားလေးပေါ်မှာ ဓာတ်ပုံရိုက်သူတွေလည်း မနဲပါ၊ ကဗျာဆန်တဲ့နေရာလေးတစ်ခုကို တွေ့မြင်နိုင်ပါတယ်။

ဘုရင့်ကချေသည်အမျိုးသမီးလေးရဲ့ ရုပ်ထုလေးတွေကို အမျိုးမျိုးထုလုပ် ရောင်းချနေတာတွေ့ခဲ့ရပါတယ်။ ဒီရုပ်ထုလေးတွေကလည်း ကမ်ဘောဒီးယားနိုင်ငံရဲ့ ပြယုဂ်သဖွယ်လေး ဖြစ်လို့နေပြန်ပါတယ်။

 ရှေးဟောင်းလက်ရာ အဆောက်အဦးများက ယနေ့ခေတ်လူသားတွေကို ဘာတွေများပေးစွမ်းနိုင်လေမလဲ

 ခေတ်၏ သမီးပျိုတစ်ဦး ရှေးဟောင်းအနုပညာအလှအပများအကြားတွေ့ရစဉ်

ဓာတ်ပုံလည်း ရိုက်ရင်း ရှေးဟောင်း အဆောက်အဦးများဆီကို မျှော်ငေးနေသူတစ်ဦး
အရှေ့တောင်အာရှနိုင်ငံသားတို့ရဲ့ လေ့လာမှုနဲ့ အနောက်နိုင်ငံသားတို့ လေ့လာမှုအားက တော်တော်လေး ကွာခြားပါတယ်။ အာရှနိုင်ငံသားတွေက ဂိုက်တွေ ရှင်းပြတာလောက်သာ ကြည့်တယ်၊ ဓာတ်ပုံရိုက်တယ် အထူးအဆန်းတွေသဖွယ် အပေါ်ယံကြည့်ရှုခြင်းမျိုးကိုသာ တွေ့ရတတ်ပြီး၊ အနောက်နိုင်ငံသားတွေကတော့ တချို့လည်း တိုးဂိုက်ခေါ်တယ်၊ မခေါ်ပဲ ကိုယ်တိုင် စာဖတ်လိုက် စဉ်းစားတွေးတောလိုက်နဲ့ အလေးအနက် ထား လေ့လာကြတာများတယ်၊ တိုးဂိုက်ခေါ်တဲ့သူဆိုရင်လည်း တိုးဂိုက်ရှင်းပြပြီးတာနဲ့ အပြန်အလှန် မေးမြန်းကြ၊ အဖွဲ့လိုက်ဆွေးနွေး နေကြတာကို သတိထားမိခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံသားတွေလည်း အန်ကောဝပ်ထဲ ရောက်တဲ့အခါ သမိုင်းကြောင်းတွေ ယဉ်ကျေးမှုတွေ အနုပညာရပ်တွေနဲ့ ကျောင်းတော်များကို တည်ဆောက်လှူဒါန်းခဲ့တဲ့ သူတွေရဲ့ ရည်ရွယ်ချက်တွေ စိတ်ကူးတွေကို လက်လှမ်းမီသလောက် လေ့လာမှုတွေ ပြုလုပ်နိုင်စေဖို့ရာ အားပေးတိုက်တွန်း လိုက်ပါရစေနော်။

မြင့်မြင့်မားမားရှိလှတဲ့ အပင်ကြီးက “လဲပင်” အမျိုးအစားဖြစ်ပါတယ်။
ဒီပုံလေးကို ကြည့်ရင် သစ်ပင်ကြီးနဲ့ ကျောက်သားကျောင်းဆောင်တို့ အားပြိုင်နေတာကို တွေ့ရမယ်၊ ပြီးတော့ တွေးစရာလေးတွေ ဖြစ်လာမယ်။ စာဖတ်သူလည်း တွေးကြည့်ပါအုံး.......။ 

အနည်းဆုံးတော့ ဒီသစ်ပင် ဒီနေရာမှာ လာပေါက်နေတဲ့အကြောင်းကို တွေးမိမယ်ပေါ့၊ ဒီအပင် ဘာအပင်လဲ ဆိုတာ တွေးမိမှာပေါ့နော်။ ဒါတင်မကသေးဘူး ထပ်တွေးစရာတွေ ရှိပါအုံးမယ် အမာသဘောနဲ့ အပျော့ သဘော အားပြိုင်မှု၊ ပြီးတော့ သဘာဝတရားများ၊ ထပ်ပြီးတွေးတတ်မယ်ဆိုရင် ဓမ္မအတွေးများ ..........။ 

တခါတလေတော့ သဘာဝတရားတွေက အတွေးများစွာကို ပေးတယ်၊ ဒီအတွေးတွေကပဲ အဖြေတစ်ခုဖြစ်ဖြစ် ထွက်လာတတ်ပြန်တယ်။ ဒါကြောင့် မြင်တတ်မယ်ဆိုရင် သဘာဝတရားတွေက လူသားတို့အတွက် များစွာ အကျိုးပြုစေကြောင်း လက်ဆင့်ကမ်း မျှဝေလိုက်ပါတယ်။

လေးစားစွာဖြင့်
bliss of us

3 comments:

...အလင်းစက်များ said...

ကျနော်လဲ လေ့လာပုံ ကွာတာကို သတိထားမိတယ်.. (ကျနော်နဲ့ နှိုင်းယှဉ်ကြည့်မယ်) ကျနော်ဆို စပ်စပ် စပ်စပ်နဲ့  အကုန် လေ့လာချင်တယ်။ မနေ့ က BTS ၂ ခု လမ်းခွဲတဲ့ နေရာက (စီးလုံ??) က သူတို့  ရဲ့ နတ်ခေါ်မလား ဘာလားပဲ ... အဲ့သာ သွားကြည့်တယ် ဓါတ်ပုံရိုက်တယ်.. မေးချင်တယ်.. သိချင်တာတွေ အားကြီးပဲ.. ဒါမယ့် ဘာသာစကား အခက်အခဲ အပြင် ( ကြောက်စိတ်) ကလွမ်းမိုး နေလို့  ဘာကို မှ မမေးရဲဘူး။

အဲ့သည် ကြောက်စိတ် က ငယ်ငယ်ကထည်းက ရိုက်သွင်းထားသလို ဖြစ်နေတယ်။ ပြင်လို့ လဲ မရဘူး။

ပိုစ့်နဲ့  သိပ်မဆိုင်ပေမယ့် မြန်မာတွေရဲ့ ကာချာ ကို နည်းနည်း ဆွေးနွေးသွားတာပါ။ (ကိုယ်နဲ့ နှိုင်းလို့  ဟုတ်ချင်မှလဲ ဟုတ်မှာပါ)။

ချော(အစိမ်းရောင်လွင်ပြင်) said...

တစ်ခုရှိတာက မြန်မာတွေကစပ်စုရမှာကို ကြောက်တဲ့စိတ် အားနာတတ်တဲ့စိတ်လည်းရှိတယ်။
အနောက်နိုင်ငံသားတွေက စပ်စုတာတို့ မေးမြန်းတာတို့ကို အားနာစရာလို့ကို မထင်တာ။
အဲလို ခံယူချက်ခြင်းလည်း ကွာတော့ သိပုံခြင်းလည်း ကွာသွားတယ်
အစ်မ ပြောတာနဲ့ ကိုယ်တိုင်သွားကြည့်ပြီး လေ့လာချင်တယ်..
ပြီးတော့ သေချာစဉ်းစားချင်တယ်
ဒီတော့ ရောက်မှဘဲ စဉ်းစားမယ်လေ။ လိုက်ပို့ ဒါဘဲ

crystal said...

ခရီးသွားအများစုကတော့ တရုတ်တွေပါ။ သူတို့နဲ့ အနောက်နိုင်ငံသားတွေနဲ့ ယှဉ်ကြည့်မိတော့ လေ့လာမှု အတိမ်အနက်တော်တော်လေးကွာတာ သတိထားမိပါတယ်။ မြန်မာတွေကတော့ အန်ကောဝတ်ထဲသွားရောက်လေ့လာမှုနဲနေသေးတယ်။ တကယ်တော့ မြန်မာတွေက ပိုလေ့လာသင့်တယ်လို့ ထင်တာပဲ။ သမိုင်းကြောင်းတွေ အရပေါ့လေ...။

(ကွန်မန့်တော်တော်မှန်မှန်လာပေးတဲ့ ချောနဲ့ ကူးလပ်တို့ကို လိုက်ပို့ပေးပါ့မယ်၊
ထီပေါက်ရင် ခစ် ခစ်)

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower