ဥရုဝေလတောင်ခြေရင်းမှာ ဆေးကုနေကြတယ်ဆိုပဲ...
ပြီးတော့ တစ်နေရာရာကို ရောက်သွားပြီဆိုရင်လည်း ဒီနေရာမှာ ဘယ်လို ဇာတ်ကြောင်းတွေ ရှိခဲ့တယ် ဆိုတာကို သိဖို့ လိုအပ်ပါသေးတယ်။ အေးဂျင့်နဲ့ဆိုရင် အများနဲ့ဆိုတော့ ရောက်တဲ့နေရာမှာ နေရာဒေသရဲ့ သမိုင်းကြောင်းကို စိတ်ရှည်လက်ရှည်၊ သေသေချာချာ၊ ဂဃဏန ရှင်းပြပေးတဲ့ ဦးဇင်းတွေ၊ လူပုဂ္ဂိုလ်တွေရှိပါတယ်။ ဆိုတော့ကား အေးဂျင့်နဲ့လိုက်သွားရင် ဘာမှပူစရာ မလိုတော့ဘဲ အေးဆေးလိုက် သွားလိုက်ရုံပါပဲ။ နို့မို့ရင် ဟိုအတွက် ပူရ၊ ဒီအတွက် ပူရနဲ့ဆိုတော့ မသက်သာလှပါဘူး။ လူသာမက စိတ်လည်း ပင်ပန်းနေရမှာပါ။
မြတ်စွာဘုရားကို နို့ဃနာဆွမ်းကပ်လှူခဲ့တဲ့ သုဇာတာသူဌေးသမီးရဲ့ နေအိမ်ပါ။ ခုတော့ နေအိမ်မဟုတ်တော့ပါဘူး။ စေတီတစ်ဆူ ဖြစ်သွားပါပြီ။ သီရိဓမ္မာသောကမင်းကြီးရဲ့ စေတီပေါင်းရှစ်သောင်းလေးထောင်ထဲမှာ တစ်ဆူပါဝင်တယ် ပြောပါတယ်...
အိန္ဒိယနိုင်ငံ၊ အိန္ဒိယတိုင်းပြည်ကြီးဟာ နည်းနည်းနှောနှော တိုင်းပြည်မှ မဟုတ်ဘဲ။ တစ်နေရာနဲ့ တစ်နေရာက အဝေးကြီးတွေလေ။ သွားရောက်ဖူးမျှော်ရမည့် နေရာဌာနတွေလည်း တစ်နေရာနဲ့တစ်နေရာ နီးနီးလေး ဟုတ်ဖူးရယ်။ အဲဒီလိုဆိုတော့ ခရီးတိုမဟုတ်တော့ဘူး။ ခရီးရှည်ပဲ ဖြစ်တော့မယ်။ ခရီးရှည် ဆိုတော့ ခရီးရှည်အတိုင်းပဲ အကုန်အကျများရတော့မယ်။ ပင်လည်းပင်ပန်းမယ်၊ အကုန်အကျလည်း များမယ်ဆိုတော့ တန်အောင်တော့ လုပ်ရလိမ့်မယ်။ တန်အောင်ဆိုတာက ခရီးသွားရင်း အကုသိုလ်တွေ မဖြစ်စေဘဲ ကုသိုလ်တွေကို ရအောင်လုပ်နိုင်မှ တန်မှာပါ။ ဆိုတော့ကား မသွားခင်မှာ ကြိုတင်သိသင့် သိထိုက်တဲ့ အရာတွေကို အမိအရ ဆုပ်ကိုင်ထားလိုက်ပေါ့။
သူငယ်ချင်းတွေဆိုတာ အတူတူနေတုန်းက စိတ်ဝမ်းမကွဲခဲ့ဖူးပေမယ့် ခရီးသွားလိုက်ရင် သူ့အကြိုက်က တစ်မျိုး၊ ကိုယ့်အကြိုက်က တစ်ဖုံနဲ့မို့ အကြိုက်မတူရင်တော့ စိတ်ဝမ်းကွဲသွားတတ်ပါတယ်။ (ခရီး ကို နှစ်ယောက်သုံးယောက်သွားရင် ဖြစ်တတ်တဲ့သဘောကို ပြောတာပါ။ အများနဲ့ဆို ရင်တော့ ဖြစ်ခဲပါတယ်။) ကိုရင်ပြောသလို ကိုယ်မှာသီးနေတဲ့ အတ္တသီးတွေဟာ အဲဒီအချိန်ကျရင် ထင်ထင် ရှားရှား၊ ရှင်းရှင်းလင်းလင်းကြီးကို သီးတတ်ပါတော့တယ်။ မှန်ဘီလူးနဲ့တောင် ကြည့်ဖို့ မလိုတော့ပါဘူး။ အကြိုက်တွေမတူ၊ အလိုတွေမညီတာနဲ့ပဲ စိတ်ကောက်ပြီး မခေါ်နိုင်၊ မပြောနိုင်တဲ့ အဖြစ်မျိုးတွေ ဖြစ်တတ် ပါတယ်။
တစ်ချို့ဆို တော်တော်နစ်နာခံနိုင်တဲ့၊ ခံနေတဲ့လူတွေကို တွေ့ဖူးတယ်။ အဲဒီလူမျိုးကျတော့ အခွင့်ကောင်းတွေ သိပ်မယူတတ်ဘူး။ အတ္တကြီးတဲ့သူတွေကတော့ သူချည်းပဲ ရအောင် ယူတတ်တယ်။ ဘုန်းဘုန်းရဲ့သဘောထားကတော့ တစ်လှည့်စီ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲ ဖြစ်ဖြစ် ခံယူသင့်တယ်လို့ ယူဆမိတယ်။ ဥပမာ ကားစီးတယ်ဆိုပါစို့ ထိုင်ခုံက မလုံလောက်တာရယ်ဖြစ်ဖြစ်၊ ထိုင်ခုံလုံလောက်နေ လည်း ပြတင်းပေါက်ဘက် စီးချင်တာ၊ ရှေ့မှာစီးချင်တာ၊ အလယ်မှာ စီးချင်တာ စသည်စသည်တွေပေါ့။
တစ်ချို့က စိုးရိမ်စိတ်များလွန်းတယ်၊ တစ်ချို့က စိုးရိမ်စိတ်အလွန်နည်းပါးပြီး ပေါ့ရော့နေသလို ဖြစ်တယ်။ တစ်ချို့က အပြစ်တင်စောတယ်၊ တစ်ချို့က စိတ်မြန်တယ်၊ တစ်ချို့က အေးဆေးနိုင်လွန်းတယ်။ ဒါတွေကတော့ ရောင်စုံစိတ်တွေပေါ့လေ။ ဗျာများတဲ့သူက အေးဆေးနိုင်သူကို အပြစ်တင်တတ်ပါတယ်၊ အပြစ်မြင်တတ်ပါတယ်။ အဲဒီလိုပါပဲ အေးဆေးနိုင်လွန်းတဲ့သူကလည်း စိတ်မြန်သူကို အပြစ်မြင်နေမှာ အမှန်ပါပဲ။ ဆိုတော့ ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ မပြောနိုင်၊ မခေါ်နိုင် မဖြစ်စေဘဲ တတ်စွမ်းသမျှ သည်းခံ ကြပြီးတော့ ဘုရားဖူးသွားရခြင်းရဲ့ ရည်ရွယ်ချက်ကို မပျောက်စေဘဲ စိတ်ထဲမှာ သတိဆိုတဲ့အရာလေးကို စူပါဂလူးနဲ့ ကပ်ထားဖို့ လိုသလို တုတ်တုတ်ခိုင်ခိုင် ချည်နှောင်ထားဖို့လည်း လိုပါတယ်။
ကြိုသိထားပြီး သတိထားရမည့်အရာတွေက တည်းခိုတဲ့ မြန်မာဘုန်းကြီးကျောင်းကနေပြီးတော့ ဘုရားကို သွားတဲ့လမ်းနဘေးတွေမှာ ဒေသခံပုဂ္ဂိုလ်တွေ၊ လူတွေ စွန့်ပစ်ထားတဲ့ အညစ်အကြေးတွေ ကို တွေ့နိုင်ပါတယ်။ အဲဒီလို အညစ်အကြေးတွေကို တွေ့ပြီး အလွန်ရွံရှာစရာ ကောင်းလှပါတယ်။ ရွံရှာပြီး အန်တောင်အန်ဖူးတဲ့ မြန်မာဒကာမတစ်ယောက်လည်း ရှိခဲ့ဖူးပါတယ်။ အဲဒီအတွက်လည်း အကုသိုလ် မဖြစ်စေဘဲ သတိထားရမည့် အရာတစ်ခုပါ။
အိန္ဒိယနိုင်ငံမှာ လမ်းဘေးမှာ အလေးအပေါ့ စွန့်ကြတာ၊ အမှိုက်သရိုက်မှန်သမျှ လမ်းပေါ် ပစ်ချတတ်ကြ တာဟာ ယဉ်ကျေးမှုတစ်ခုလို့တောင် ပြောရတော့မလိုပဲ။ အဲဒါ ဘာကြောင့်လည်းဆိုရင် အင်္ဂလိပ်တွေကို တိုက်ထုတ်စဉ်တုန်းက အင်္ဂလိပ်တွေနေတဲ့ အိမ်တွေဘေးမှာ အလေးအပေါ့ စွန်းခြင်းဖြင့် တိုက်ထုတ် ခဲ့တယ်လို့ ပြောကြတယ်။ အဲဒီကတည်းက အလေ့အထတစ်ခုလို ဖြစ်လာခဲ့တာလား မသိ။ အင်္ဂလိပ်တွေက အသန့်ကြိုက်တဲ့လူမျိုးတွေလေ။ အင်္ဂလိပ်တွေကို တိုက်ထုတ်နည်းတွေထဲမှာ ဒီနည်းလည်း တစ်ခုပါဝင်တယ် လို့ ပြောကြတယ်။
ပြီးတော့ ဘုရားပတ်ဝန်းကျင်မှာ သူတောင်းစားတွေဟာ ရာနဲ့ချီပြီး ရှိနိုင်ပါတယ်။ မြန်မာတို့ရဲ့ သဒ္ဓါတရားဟာ ကြီးမားလွန်းလှပါတယ်ဆိုတာကို အားလုံးက အသိပါ။ အဲဒီအချိန်မှာ သူတောင်းစားတွေကို ပေးကမ်းချင်တဲ့ သဒ္ဓါတရားကို ချုပ်တည်းထားသင့်ပါတယ်။ ရှိသမျှ သူတောင်းစားတွေကို အကုန်လုံး ပေးနိုင်ရင်တော့ တစ်မျိုးပေါ့။ တတ်နိုင်သလောက်ပဲ ပေးမယ်ဆိုပြီးတော့ မပေးလိုက်ပါနဲ့။ မရလိုက်တဲ့ သူတောင်းစားတွေက လူကို ဒုက္ခပေးတတ်ပါတယ်။ မရမချင်း လိုက်တောင်းနေပါလိမ့်မယ်။ အဲဒီနေရာမှာ ရဲတွေရှိနေရင်တော့ ရဲတွေက လိုက်ထိန်းပေးပေမယ့် ရဲမရှိတဲ့ တစ်ချို့နေရာတွေမှာ ဒုက္ခဖြစ်တတ်ပါတယ်။
မြန်မာအဖွားတစ်ယောက်က ဥရုဝေလတောင်မှာ (ဒုက္ကရစရိယာကျင့်တော်မူရာနေရာ) အတက်မှာလား၊ အတက်မှာလား မသိဘူး အကြွေလဲပြီး သူတောင်းစားတစ်ယောက်စနှစ်ယောက်စကို ပေးလိုက်ပြီး ကျန်ရှိနေသေးတဲ့၊ မရရှိသေးတဲ့သူတွေ ၀ိုင်းလာတော့ အဲဒီဒကာမကြီး ကျောက်တုံးတွေ ခင်းထားတဲ့ လမ်းပေါ်မှာ ချော်လဲပြီး အသက်ကို စတေးခဲ့ရဖူးတဲ့ အဖြစ်မျိုး ရှိခဲ့ဖူးတယ်လို့ မျက်မြင်ဘုန်းဘုန်း တစ်ပါးက ပြောပြဖူးပါတယ်။
ဘုန်းဘုန်းတို့ရောက်တုန်းကဆိုရင် ဒကာတစ်ယောက်က တစ်ယောက်စနှစ်ယောက်စကို သွားပေးလိုက် မိတာ ကားရပ်ထားတဲ့နေရာအထိ၊ ကားပြန်တက်ရတော့မယ့်အချိန်ထိကို မရမက လိုက်တောင်းနေ ပါတော့တယ်။ ရိုးရိုးမတောင်းတော့ဘူး။ အကြွေးတောင်းသလိုမျိုးကြီး တောင်းနေပါတော့တယ်။ အဝေး ကနေကြည့်တော့ ဘာပြဿနာဖြစ်လို့လည်းပေါ့။ ပြီးတော့ ဘယ်ဟုတ်ပါ့မလည်း တစ်ယောက်စနှစ်ယောက် စကို ပေးပြီး မရသေးတဲ့သူတွေက လိုက်ပြီး ဒုက္ခပေးနေတာတဲ့ဗျာ။ တစ်ချို့သူတောင်းစားတွေမှာ တုတ်တွေဘာတွေ ကိုင်ထားလို့။ ၀ိုင်းလာရင် ကြောက်ဖို့ သိပ်ကောင်းပါတယ်။
သံဝေဇနိယလေးဌာနထဲမှာ ဘုန်းဘုန်းလည်း ဗုဒ္ဓဂယာပဲ ရောက်ဖူးသေးတယ်။ ကျန်တဲ့ သုံးဌာနကို မရောက် ဖူးသေးပါဘူး။ သတိထား၊ သတိပြုရမည့် အရာတွေဟာ ကျန်တဲ့ဌာနတွေမှာလည်း အဲဒီအတိုင်းပဲလို့ ထင်မိပါတယ်။ ဘုန်းဘုန်းတို့အခု နေနေတဲ့ ချယ်နိုင်းမြို့နဲ့ ဗုဒ္ဓဂယာကို ရထားနဲ့သွားရင် နှစ်ရက်နဲ့ တစ်ညတိတိကြာပါတယ်။ ဘုန်းဘုန်းကို ထောက်ပံ့နေတဲ့ဆရာသမားက ဗုဒ္ဓဂယာကို ကြွလာမှာမို့လို့ ဘုန်းဘုန်းလည်း စာမေးပွဲပြီး နှစ်လနီးပါးလောက် ကျောင်းပိတ်နေတာနဲ့ ၁၈-ရက်နေ့၊ သန်ဘက်ခါကျရင် အဲဒီကို ရထားနဲ့သွားရမှာပါ။ ဒုတိယအကြိမ် သွားရောက်ဖူးမျှော်ခြင်း ဖြစ်ပါတယ်။
ဘုန်းဘုန်းသွားတွေ့မယ့် ဆရာတော်က ဒီဆရာတော်ပေါ့။ နောင်တောင်းကျောင်းဆရာတော် ဘဒ္ဒန္တရာဇိန္ဒသိရီဖြစ်ပါတယ်...
ဟော ဒါကတော့ ကလေးတွေကို ရဲစိတ်တင်ပေးတဲ့အနေနဲ့ ခုလိုပဲ ဟောပြောပွဲလေး လုပ်ပေးတာပါ။ ဘုန်းဘုန်းတို့ငယ်ငယ်က အဲဒီလို မကြုံခဲ့ရပါဘူး။ ကံဆိုးလှပါတယ်။
ပြီးခဲ့တဲ့ခေါက်တုန်းက ဆရာတော်က ဘုန်းဘုန်းကို ပြောခိုင်းသေးတယ်။ အမလေး ချွေးတွေထွက်၊ အသံတွေ တုန်ရီလို့ဟေ့။
ဟိုပုံးမြို့နယ် နောင်တောင်းကျေးရွာ၊ နောင်တောင်းပရဟိတကျောင်းမှာ ကိုရင်လေး၊ ကျောင်းသား၊ ကျောင်းသူပေါင်း ၃၀၀-ခန့် ရှိပါတယ်။ ဟိုပုံးအလည်ရောက်ရင်ဖြင့် ၀င်ခဲ့ကြပါဦးနော်...
သင်္ကန်းကို အနားညီညီ၊ သေသေသပ်သပ် ၀တ်ထားတာက ဘုန်းဘုန်းတောက်ပါ။ ဟိ။ မရယ်ကြနဲ့နော်။ အမှန်က သင်းပိုင်(အောက်ကသင်္ကန်းကို) ဒူးအောက်လက်ရှစ်သစ် ၀တ်ရမှာဖြစ်ပြီး ဧကသီ (အပေါ်ရုံ)ကိုတော့ ဒူးအောက် လက်လေးသစ် ရှည်ရမှာပါ။ ၀တ်ထားတာ ဘယ်လိုလုပ် အဲဒီလို ဖြစ်သွားလည်း မသိပါဘူး။
လွယ်အိပ်ဝါနဲ့ဆရာတော်က ဦးအာလောကပါ။ သူက ဘုန်းဘုန်းသွားတွေ့မယ့်ဆရာတော်နဲ့ ဘုန်းဘုန်းကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဦးအာလောက အခု သီဟိုဠ်ခေါ် သီရိလင်္ကာနိုင်ငံမှာ ဆက်လက်ပညာသင်ယူနေဆဲဖြစ်တယ်...
နောက်ဆုံးအနေနဲ့ ပြောရရင် သွားရောက်ဖူးမျှော်ဖို့ စိတ်ထဲမှာကြံ၊ နှလုံးသားမှာ ရည်သန်ထားသူတွေ အတွက် ကိုယ့်ဘာသာကိုယ်သွားတာထက် အေးဂျင့်တွေနဲ့ သွားရင် ပိုပြီး အဆင်ပြေချောမွေ့ မှာ ဖြစ်ကြောင်း။ အကုန်အကျလည်း အတူတူလောက် ရှိမှာဖြစ်ကြောင်း။ မသွားခင်မှာ သိသင့်သိထိုက် တာတွေ သိပြီး သွားနေစဉ်မှာလည်း အကုသိုလ်နည်းပြီး ကုသိုလ်များများ ရယူနိုင်ကြ ပါစေကြောင်း မေတ္တာရှေ့ထား၍ နှိုးဆော်ရင်း ဘုန်းဘုန်းရဲ့စာကို နိဂုံးကမ္ပတ် အဆုံးသတ်အပ်ပါတယ်။
အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ…
ဗုဒ္ဓဂယာခရီးစဉ်အကြောင်းကို ဆရာတော် ဦးဘုန်းညာဏ်ရေးထားတာလည်း အရမ်းကို ကောင်းမွန်လှ ပါတယ်။ ဒီနေရာမှာ သွားရောက်ဖူးမျှော် ဖတ်ရှုကြပါဦးလို့...။
credit to: တောက်ပကြယ်စင်-ဘုန်းဘုန်းတောက်
မဖတ်ရသေးသော bliss of us ပရိသတ်များအတွက် ရည်ရွယ်တင်ဆက်လိုက်ပါတယ်။
လေးစားစွာဖြင့်
bliss of us