Sunday, November 13, 2011

ဘုရားအလောင်း သိဒ္ဓတ္ထမင်းသား စံမြန်းခဲ့ရာ ကပိလဝတ္ထုမြို့တော်

အိန္ဒိယနိုင်ငံဘက်မှာ ရှိတဲ့ ကပိလဝတ္ထုမြို့တော်ဟောင်းမှ မြင်ကွင်းတစ်ခု
သကျနိုင်ငံတော် ဆိုတာ ဟိမဝန္တာတောင်တန်းကြီးရဲ့ အနီးက နိုင်ငံတော် တစ်ခုပေါ့။ သူ့ရဲ့ မြိ့တော်ကတော့ ကပိလဝတ္တုပါ။ ကပိလဆိုတာက ရသေ့တစ်ပါးရဲ့ နာမည်ဖြစ်ပြီး ဝတ္ထုဆိုတာကတော့ တည်နေရာလို့ အဓိပ္ပါယ် ရပါတယ်။ ကပိလအမည်ရှိတဲ့ ရသေ့ရဲ့ ကျောင်းသင်္ခမ်းတည်ရှိခဲ့တဲ့ နေရာမှာ တည်ထားတဲ့ မြို့တော်မို့ ကပိလဝတ္တု မြို့တော်လို့ ပါဠိဘာသာနှင့် သမုတ်ခေါ်ဝေါ်ခဲ့ကြပါတယ်။ သက္ကဋ သို့မဟုတ် ဟိန္ဒီလိုတော့ Kapilavastu လို့ ခေါ်ကြ ရေးကြပါတယ်။

မြို့တော်တည်ထောင်သူတွေက သြက္ကာကမင်းရဲ့ သားတော်တွေလို့ စာပေမှာ လာပါတယ်။ မြို့တော်ရဲ့ အနီးဝန်းကျင်မှာ လုမ္ဗိနီ ဥယျာဉ်တော် ရှိပါတယ်။ ရောဟိဏီမြစ်က မြို့တော် ကပိလဝတ္တုအနီးက စီးဆင်းနေခဲ့ပါတယ်။ အဲဒီမြစ်နှင့်ပဲ သကျနှင့် ကောလိယနှစ်နိုင်ငံရဲ့ နယ်ခြားကို သတ်မှတ်ခဲ့ကြပါတယ်။

ဘီစီ ခြောက်ရာစုမှာ ကပိလဝတ္တုမြို့တော်ရဲ့ ထင်ရှားလှတဲ့ အုပ်စိုးသူကတော့ သုဒ္ဓေါဒနမင်းကြီးပါပဲ။ ကြင်ရာတော်ကတော့ မဟာ မာယာ ဒေဝီပါ။ သကျ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးနှင့် တရားရေးရာ ကိစ္စရပ်တွေ၊ အခြား အရေးကြီးတဲ့ ကိစ္စတွေကိုတော့ သန္ထာဂါရသာလာလို့ ခေါ်တဲ့ နေရာမှာပဲ ဆွေးနွေးကြ၊ တိုင်ပင်ကြ၊ ဆုံးဖြတ်ခဲ့ကြပါသတဲ့။

နှစ်ပေါင်း ထောင်ချီ ကြာမြင့်လှပြီ ဖြစ်ပေမယ့် သကျနိုင်ငံတော်ကို ဒီနေ့အထိ လူတွေ သိကြ မြတ်နိုးနေကြဆဲပါ။ အကြောင်းကတော့ ဗုဒ္ဓဘုရားရှင်ရဲ့ နိုင်ငံဖြစ်ခဲ့တဲ့ အပြင် စန္ဒကိန္နရီဇာတ်တော်၊ ဝေဿန္တရာ ဇာတ်တော်၊ ဓမ္မပါလဇာတ်တော် စသည်ဖြင့် တရားဒေသနာ တော်တော်များများကိုလည်း ဒီမှာပဲ ဟောခဲ့တာကြောင့်ပါ။ မြစ်ရေလုကြရာကနေ စစ်ခင်းကြတော့မည့်ဆဲဆဲ သကျနှင့် ကောလိယ နှစ်နိုင်ငံသားတွေကို စစ်ငြိမ်းအေးကြောင်း ဟောခဲ့တာလဲ ဒီအနီးဝန်းကျင်မှာပါပဲ။

ဒီလို မေ့မရနိုင်တဲ့ နိုင်ငံ ဖြစ်ခဲ့ပေမယ့် ကပိလဝတ္တုဆိုတဲ့ မြို့တော်ရဲ့ တည်နေရာကို ခုခေတ်လူတွေ အတိအကျ မသိနိုင်တော့သလိုတောင် ဖြစ်နေရပါတယ်။ ဒီလိုဖြစ်ရတာက တရားသဘောနှင့် နှောပြီး ပြောရလျှင် သင်္ခါရသဘောတရားကို မလွန်နိုင်လို့ပါ။ ဒါပေမဲ့ လောကီဆန်ဆန် လက်သည် တရာခံတွေကို ပြောရလျှင်တော့ ဗုဒ္ဓဘာသာကိုရော ၄င်းနှင့် ဆက်စပ် ပတ်သက်နေတဲ့ အဆောက်အဦး အားလုံးနီးပါးကိုပါ ဖျက်ဆီး၊ သိမ်းပိုက်ခဲ့ကြတဲ့ ဟိန္ဒူဘုရင်များနှင့် မွတ်စလင် ကျူကျော်သူများပါပဲ လို့ သမိုင်းက ဆိုပါတယ်။ ဒါကြောင့် ဗြိတိသျှတွေ အိန္ဒိယကို ကိုလိုနီ မပြုခင်ကပင် ဗုဒ္ဓဘာသာဟာ အိန္ဒိယမှာ လုံးဝ ကွယ်ပျောက်နေခဲ့ ပြီလို့ ဆိုပါတယ်။

ဒါပေမဲ့ ကံကောင်း ဝမ်းမြောက်ဖွယ်ရာ တစ်ခုကတော့ ရှေးဟောင်း သုတေသနသမားတွေဟာ 1860 ပြည့်နှစ်များမှာ စတင်ပြီး ဗုဒ္ဓနှင့် ဆက်စပ်ပတ်သက်တဲ့ နေရာတွေကို ရှာဖွေ ဖော်ထုတ်ကြပါတယ်။ သူတို့တွေဟာ 1890 ပြည့်နှစ် မတိုင်မီ ဗုဒ္ဓဝင်နှင့် ပတ်သက်တဲ့ နေရာ အများအပြားကို ဂင်္ဂါမြစ် ဧရိယာ (Ganges area) အတွင်းမှာ ရှာဖွေ ဖော်ထုတ်ပြီး အတည်ပြုနိုင်ခဲ့ပါတယ်။ သို့သော် အရေးကြီးတဲ့ နေရာတွေထဲက နှစ်နေရာကို ထိုအချိန်က ရှာလို့ မတွေ့သေးပဲ ဖြစ်ခဲ့ရတယ်။ နှစ်နေရာဆိုတာ လုမ္ဗိနီ ဥယျာဉ်တော်နှင့် ကပိလဝတ္ထု မြို့တော်ဟောင်းတို့ ဖြစ်ပါတယ်။

ဒါပေမဲ့ ဆယ့်ကိုးရာစု နှောင်းပိုင်းမှာ ဗုဒ္ဓလောင်းလျှာ သိဒ္ဓတ္ထမင်းသားရဲ့ စံမြန်းခဲ့ရာ နေရာကို သက်ဆိုင်ရာ ရှေးဟောင်း သုတေသနဌာနတွေက ရှာဖွေကြပါတယ်။ ခရီးသွားမှတ်တမ်း ရေးခဲ့ကြတဲ့ တရုပ်ရဟန်းတော် Xuanzang နှင့် Faxian တို့ရဲ့မှတ်တမ်းမှတ်ရာ ရေးသားခဲ့ကြတာကို ကြည့်ပြီး ရှာဖွေခဲ့ကြတာလို့ ဆိုပါတယ်။

ရလဒ်ကတော့ ခုခေတ် နီပေါ နယ်စပ်တစ်လျှောက် အတော်လေး ဝေးတဲ့ ရွာတစ်ရွာမှာ ကျောက်စာတိုင် တစ်တိုင်ကို တွေ့ကြတယ်။ ဗြိတိသျှ စူးစမ်းလေ့လာရေး အဖွဲ့ကို ကျောက်စာရဲ့ အဓိပ္ပါယ်ကို ဖော်ထုတ်ပေးဖို့ စေလွှတ်ခဲ့တယ်။ ကျောက်စာကို အစောပိုင်း ဗြဟ္မီ (Brami) အက္ခရာကို အသုံးပြုပြီး အိန္ဒိယမြောက်ပိုင်း ဒေသခံ တိုင်းရင်း ဘာသာစကားနှင့် ရေးသားထားတာပါ။ ဒီနေရာဟာ သဗ္ဗညု ဖြစ်တော်မူသော ဗုဒ္ဓရှင်တော်မြတ် မွေးဖွားရာ နေရာလို့ အဲဒီ ကျောက်စာက ဖော်ပြထားပါတယ်။ ဒီတွေ့ရှိမှုက ဗုဒ္ဓဆိုတာ စံပြလူသား ဘုရားအဖြစ် စိတ်ကူးယဉ်ပြီး ပုံဖော် ကိုးကွယ်နေကြတာလို့ အထင်ရောက်နေတဲ့ သူတွေကို “ဗုဒ္ဓဆိုတာ တကယ်ရှိခဲ့တဲ့ သမိုင်းဝင် ပုဂ္ဂိုလ်မြတ်ကြီး”လို့ သက်သေထူပေးခဲ့တယ်။ တကယ် ဝမ်းသာစရာ တွေ့ရှိမှုကြီးပါ။

အရေးကြီးတဲ့ နောက်တစ်နေရာဖြစ်တဲ့ ဘုရားအလောင်းတော် စံမြန်းတော်မူခဲ့ရာ ကပိလဝတ္တုမြို့တော် နေရာကို ဆက်ပြီး ရှာဖွေခဲ့ကြတယ်။ အဲဒီနေရာဟာ လုမ္ဗိနီရဲ့ အနောက်ဖက် တစ်ဆယ် ဆယ်ငါး ကီလိုမီတာလောက်မှာ ရှိနိုင်တယ်လို့ သိသာလို့ အရှိန်မြှင့် ရှာဖွေခဲ့ကြရာ ဖြစ်နိုင်တဲ့ နေရာ နှစ်နေရာကို တွေ့ကြရပါတယ်။



အဲဒီနေရာတွေကတော့ တစ်ခုက အိန္ဒိယဘက်မှာ ဖြစ်ပြီး နောက်တစ်ခုကတော့ ခုခေတ် နီပေါနိုင်ငံဘက်မှာ ဖြစ်ပါတယ်။ ကပိလဝတ္တုမြို့ တည်နေရာနှင့် ပတ်သက်ပြီး နှစ်ပေါင်း ရာနှင့်ချီပြီး စူးစမ်းလေ့လာရေး အဖွဲ့တွေရဲ့ အကြားမှာ အငြင်းပွားနေကြပါတယ်။

Dr Coningham နှင့် သူ့အဖွဲ့က လုပ်တဲ့ သုတေသနအသစ်က ပြောတာကတော့ ရှေးဟောင်း ကပိလဝတ္တု တည်နေရာဟာ လုမ္ဗိနီဇုန်ထဲမှာ ရှိတဲ့ ကပိလဝတ္တု ခရိုင် (Kapilavastu Discrict)၊ တိလုရာကော့ (Tilaurakot) ရွာ နေရာပါလို့ ဆိုကြပါတယ်။ လုမ္ဗိနီကနေ (၂၇) ကီလိုမီတာ ဝေးပါတယ်။ အဲဒီ ရှေးဟောင်း နယ်မြေမှာ မြို့တော် တံတိုင်း၊ ကျုံးနှင့် နေထိုင်ရာ နေရာဝိုင်းကြီး တစ်ခုရဲ့ အခြေခံ အုတ်မြစ်ရိုး အပျက်အစီးတွေပါ ရှိတယ်လို့ ဆိုပါတယ်။ ဘီဘီစီက ထုတ်လွှင့်ပြသတဲ့ ဗုဒ္ဓဝင်မှာတော့ အဲဒီနေရာမှာ လမ်းတွေအစီအရီ ဆောက်ထားခဲ့ပြီး ယက်မ ပုံဏ္ဌာန်ရှိတဲ့ မြို့တော်ကြီးရဲ့ အလယ်ဗဟိုရ်မှာ နန်းတော် ရှိတယ်လို့ ဆိုပါတယ်။

အချို့ သုတေသနသမားတွေကတော့ အိန္ဒိယနိုင်ငံရဲ့ ရှေးဟောင်းသုတေသန ဆိုင်ရာ နေရာ တစ်ခုဖြစ်တဲ့ ပိရဟွာ (Piprahwa) ရွာ အနီးကို ကပိလဝတ္တုလို့ ပြောပါတယ်။ အဲဒီရွာက ဥတ္တရာ ပရာဒက်ရှ်ပြည်နယ်၊ သိဒ္ဓတ္ထနဂရ ခရိုင် (Siddharthnagara Discrict)၊ Birdpur မြို့ရဲ့ မြောက်ဘက်မှာ တည်ရှိပါတယ်။ အဲဒီနေရာဟာ နီပေါနိုင်ငံရှိ ဗုဒ္ဓ ဖွားမြင်တော် မူခဲ့ရာ လုမ္ဗိနီတောင်ဘက် (၁၅) ကီလိုမီတာ အဝေးမှာပါ။ ၁၉၇၅ မှသည် ၁၉၇၉ အထိ တူးဖော်ကြတုန်းက အဲဒီနေရာမှာ စေတီပျက်ကြီးရဲ့ အပျက်အစီးတွေနှင့် ရှေးက ဓာတ်တော်ကြုပ်တစ်ခု တွေ့ရပါတယ်တဲ့။

ဒါတွေကတော့ သမိုင်းနှင့် ရှေးဟောင်းသုတေသနဆိုင်ရာ မှတ်ဖွယ်မှတ်ရာတွေထဲက အချက်အလက် အချို့ပဲ ဖြစ်ပါတယ်။

စာရေးသူ သွားခဲ့တဲ့ ဒီ ခရီးစဉ်မှာ နီပေါနိုင်ငံထဲက ကပိလဝတ္ထုမြို့တော်ဟောင်း တည်ရှိရာ နေရာကိုတော့ မရောက်ဖြစ်ခဲ့ပါဘူး။ အိန္ဒိယနိုင်ငံထဲက ကပိလဝတ္ထု ဆိုတဲ့ နေရာကိုပဲ ရောက်ဖြစ်ခဲ့တယ်။ ၂၀၁၀ ခု၊ ဒီဇင်ဘာ (၃၀) ရက်နေ့မှာ ရောက်ခဲ့တာပါ။ အတော်လေး ကြီးတဲ့ ရေကန်သာ တစ်ခုနားမှာ လူတွေ မြေပြုပြင်ကြ၊ ပန်းပင်တွေ စိုက်ကြ၊ ရေလောင်းနေကြတာကိုတောင် တွေ့ခဲ့ရပါသေးတယ်။

အထက်က ပြောခဲ့တဲ့ အချက်အလက် အချို့ကို သတိယပြီး မကြာခင် တခြားသော အတွေးတွေက စာရေးသူရဲ့ စိတ်ထဲကို အစီအရီ တိုးဝင် စီးဆင်းလာပါတော့တယ်။

ပထမ တွေးမိတာက မြို့တော်ဟောင်း နေရာမှန်က ဘယ်နေရာပဲ ဖြစ်နေပါစေ၊ ဗုဒ္ဓရှင်တော်မြတ် ဖွံ့ဖြိုး ထွန်းကားအောင် လုပ်ခဲ့တာက အဲဒီမြို့တော်ကြီး မဟုတ်ပါဘူး။ သူတော်ကောင်းတရား ထွန်းကားရေးနှင့် ဒုက္ခခပ်သိမ်း လုံဝ ကင်းငြိမ်းရေးပါ။ အဆုံးစွန်သော လွတ်မြောက်မှုကို မရသေးသော်မှ ကိုယ်ချင်းစာ တရား ကိုယ်စီထားပြီး ကျင့်ဝတ်သီလနှင့် ပြည့်စုံကာ ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ရေးပါ။ အချက်ရှစ်ချက်ပါတဲ့ ကျင့်စဉ်မူနှင့် ဒီလောကမှာရော၊ တမလွန်လောကမှာပါ ငြိမ်းအေး ချမ်းမြေ့စွာ နေရရေးနှင့် ဒုက္ခမှန်သမျှ အမြစ်ပြတ် ငြိမ်းအေးရာ နိဗ္ဗာန်ကို မျက်မှောက်ပြုရေးသာ ဖြစ်ပါတယ်။

နောက်တော့ ဂိတ်ဝကို စဝင်မိတာနှင့် ဘုရားရှင်ကို သတိယမှု (ဗုဒ္ဓါနုဿတိ) ကုသိုလ်ထူးကို ပွားစီးလို့ နေမိပါတယ်။ အရဟံ အစ ဘဂဝါအဆုံးရှိတဲ့ ကိုးပါးသော ဂုဏ်တော်တွေကို အထပ်ထပ် ရွတ်ဖတ်၊ နန်းမြို့တော်ကြီးအစ လောကသေဌ်နင်း တရားမင်းအဆုံး ရှိတဲ့ ဖြစ်ခဲ့သမျှသော အရာအားလုံးသည် ပျက်သုဉ်းခြင်းလျှင် အဆုံးရှိပါလားဆိုတဲ့ အနိစ္စဒဏ်ချက် ကြီးမားပုံ၊ မမြဲလေသမျှ ဒုက္ခ ဒဏ်ချက်ကြီးမားပုံနှင့် ကိုယ့်အလိုဆန္ဒကို မလိုက်လျော၊ ကိုယ်ဖြစ်ချင်သလို မဖြစ်ရတဲ့ အစိုးမရခြင်း ဒဏ်ချက် အနှိပ်စက်ကြီး နှိပ်စက်တတ်တဲ့ သဘောတွေကို “အနိစ္စ ဝတ သင်္ခါရာ” အစဖြာသည့် သုံးခုသော ဂါထာတို့ကို အဖန်ဖန် ရွတ်ပွားပြီး ဆင်ခြင်နေမိပါတော့တယ်။

နောက်ဆုံးတစ်ခုကတော့ ကပိလဝတ္ထုနေရာ ဆိုတော့ စိတ်ထဲမှာ သုဒ္ဓေါဒနမင်းကြီး၊ ယသော်ဓရာ ဒေဝီ စသည်တို့ကို မျက်စိထဲ မြင်ရောင်မိသလိုလို၊ ဘာကိုမှန်း တပ်အပ်သေချာ သိလည်းမသိ၊ ဆိုင်လည်း မဆိုင်ပဲ တစ်စုံတစ်ခုသော အရာကို လွမ်းမိသလိုလို ခံစားမိပါတယ်။


ရမ္မ၊ သုဘ၊ သုရမ္မဆိုတဲ့ စံမြန်းဆောင်တွေဟာ ဘယ်နေရာများ ရှိခဲ့လေသလဲ။ ကြီးမြတ်သည့် နှလုံးသားပိုင်ရှင်၊ အနှိုင်းမဲ့ မေတ္တာ ကရုဏာတရားရှိသူ၊ ကြီးမား ကျယ်ပြန့်သော ဉာဏ်ရှင်၊ ဒီဘဝသည် နောက်ဆုံး ဘဝဖြစ်သည့်အတွက် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလကြာအောင် မပြတ် ဖြည့်ဆည်း အားထုတ်ခဲ့သည့် ပါရမီတော်တို့၏ သူ့ထက်ငါ အပြိုင် အကျိုးပေးခွင့်ကို စောင့်ကာ အကျိုးပေးခြင်း ခံရသည့် ပြီးပြည့်စုံသည့် အလောင်းတော် မင်းသားရဲ့ လုပ်ရှားဟန်တို့ကိုလည်း ဝိုးတဝါး မြင်ယောင်နေခဲ့မိတယ်။

ဒါ့အပြင် အလောင်းတော်မင်းသား တောထွက်သွားလို့ မေတ္တာနှင့် သစ္စာကို စွဲကိုင်ပြီး လွမ်းကျန်ရစ်ခဲ့တဲ့ ယသော်ဓရာ ဒေဝီရဲ့ လွမ်းငွေ့သန်းနေတဲ့ ပုံရိပ်တွေ၊ ဘုရားဖြစ်ပြီးနောက် ဖခမည်းတော် အကြိမ်ကြိမ် ပင့်လျှောက်လို့ နန်းတော်ကြွလာစဉ် သတင်းသုံးတော်မူခဲ့တဲ့ ပုံရိပ်တွေ၊ ခမည်းတော် မင်းကြီးကို သပိတ်ကိုင်စေပြီး အရှင် သာရိပုတ္တရာနှင့် အရှင် မဟာမောဂ္ဂလာန်တို့ကို လက်ျာ လက်ဝဲရံစေကာ ပါရမီဖြည့်ဖက် မင်းသမီးရဲ့ အခန်းကို ကြွရောက် အပူဇော် အဖူးမျှော်ခံပြီး စန္ဒကိန္နရီ ဇာတ်တော်ကို ဟောကြားကာ နှစ်သိမ့် ဂုဏ်ပြုနေတဲ့ ပုံရိပ် စသည်ဖြင့် မဆုံးနိုင်သော အတွေးတွေဟာ စာရေးသူရဲ့ ခေါင်းထဲကို အဆက်မပြတ် စီးဆင်း ဝင်ရောက်နေပါတော့တယ်။ ဖတ် မှတ် လေ့လာဖူးသမျှသော အကြောင်းအရာတွေက သူ့ထက်ငါ ဆိုသလို အလုအယက် ဝင်ရောက်လာသည့်နှယ် ဖြစ်ခဲ့ပါတယ်။

နောက်ဆုံးအနေနှင့် ဒီ နေရာကိုကြည့်ပြီး ဗုဒ္ဓရဲ့ ဂုဏ်တော်တွေကို ထပ်တလဲလဲ ရွတ်ဆို ပွားများ၊ မမြဲတဲ့ အနိစ္စသဘောကိုလည်း အဖန်ဖန် ဆင်ခြင် စီးဖြန်းပြီး ကပိလဝတ္ထု ခရီးကို အဆုံးသတ်လိုက်ပါတယ်။

ကုသိုလ်တရား ပွားများနိုင်ကြပါစေ။

ဘုန်းဉာဏ်

Rf:
1. BBC., The Life of the Budha
2. http://en.wikipedia.org/wiki/Kapilavastu
3. http://en.wikipedia.org/wiki/Piprahwa
4. Malalasekera G. P., Pali Proper Names
(http://www.metta.lk/pali-utils/Pali-Proper-Names/kapilavatthu.htm)

Credit To : ဘုန်းဘုန်း ဦးဉာဏုတ္တရ (http://dhammawisdom.blogspot.com)

1 comment:

...အလင်းစက်များ said...

ကျေးကျေးပါ အစ်မရေ။ ကိုယ်သွားဖြစ်ရင်ပဲ ဖြစ်ဖြစ် မသွားဖြစ်ပဲ ဖြစ်ဖြစ် သိထားသင့်တဲ့ အကြောင်းလေးတွေပါ။

အစ်မ အဆင်ပြေပါစေဗျာ။

“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”


“မြန်မာနိုင်ငံ၏ ဒုတိယအိမ် သို့မဟုတ် ထိုင်းနိုင်ငံကို ဘုရားလည်း ဖူး၊ ဈေးဝယ်ထွက်ရင်း၊ ကမ်းခြေတွေမှာလည်း အပန်းဖြေနိုင်လို့
သွားလည်ရအောင်နော်”




“Bliss of Us သို့ လာလည်ကြသော
နိုင်ငံတကာမှ မိတ်ဆွေများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝနိုင်ကြပါစေ”


လေးစားစွာဖြင့်
bliss of us

Angkor Wat BBC Documentary Description Video Siem Reip

Too Much So Much Very Much

Tokunaga Hideaki

ဟင်နရီဆာနာဒါး နှင့် အတူတူ ရေနွေးကြမ်း သောက်ကြစို့.....

St Luke's Garden Tower